Tuesday, March 26, 2013
မကြာသေးခင်က မဲဆောက်မြို့မှ မြဝတီမြို့ဘက်သို့ ကူးရန် ထိုင်းမြန်မာနယ်စပ်ဂိတ်တံခါး ဖွင့်ချိန် နံနက် ၆ နာရီ အရောက်သွားခဲ့သည်။
(ဓာတ်ပုံ - ကေဇီလင်း)
ဂိတ်ဖွင့်ချိန်ဖြစ်သောကြောင့် တဘက်ကမ်းကို အစောဆုံး ရောက်နိုင်သည်ဟု ယူဆခဲ့သော်လည်း ဂိတ်တွင် ပြည်တော်ပြန်မည့် မြန်မာအလုပ်သမားတို့က ရာနှင့်ချီ ရောက်နေသဖြင့် အံ့သြမိ၏။
ပျားပန်းခတ်သလို စည်ကားသည့် နယ်စပ်ဂိတ်ရှေ့ လူအများတန်းစီရာမှာ ဝင်စီလိုက်သည် ဆိုလျှင်ပဲ ဝန်ဆောင်မှုပေးဖို့ တတွတ်တွတ်ဖိတ်ခေါ်နေသည့် ပွဲစားများက အနားရောက်လာသည်။
ပွဲစားတို့ထုံးစံအတိုင်း အပြောချို၏။ ထိုသူတို့သည် လူတယောက် စောင့်ဆိုင်းရချိန်ကို ချုံ့ပစ်နိုင်စွမ်းရှိသူများ ဖြစ်၏။
မိမိရှေ့ မနက် ၃ နာရီ၊ ၄ နာရီကတည်းက ဂိတ်ပေါက်ရှေ့လာရောက်တန်းစီနေသော သူများထက် ဆောလျင်စွာ နယ်စပ်ဖြတ်လိုသူများအတွက် ကြားပွဲစားများကား အုံဖွ မန်းပေးတတ်သူများ ဖြစ်နေပြန်၏။
(ဓာတ်ပုံ - လေးဝါ/ဧရာဝတီ)
နယ်စပ်မှ တဆင့် ယာယီနိုင်ငံကူးလက်မှတ် (ခေါ်) အလုပ်သမားပတ်စ်ပို့ ကိုင်ဆောင်သူ မြန်မာပြည်သားတို့ အိမ်အပြန်မှာ လွယ်လင့်တကူတော့ မဟုတ်ပါလေ။
Re-entry visa ခေါ် ထိုင်းသို့ တရားဝင် ပြန်ဝင်ခွင့် ဗီဇာ တောင်းခံပြီး အိမ်ပြန်နိုင်သည်။
နောက် ထိုင်းသို့ပြန်လာပါကလည်း မိမိရှိပြီးသား ဗီဇာသက်တမ်းအတိုင်း နေလို့ရသည်၊ ခဏခဏ ဗီဇာလျှောက်စရာ မလို။ ရဲဖမ်းလို့ မရ။
ထို ပြန်လည်ဝင်ရောက်ခွင့် ဗီဇာအတွက် ထိုင်းလဝကကိုပေးရသည့် ငွေကြေးက တခေါက်ကို ဘတ် တထောင်။ (တချို့လည်း တရားဝင်တုံးထုကာ တံတားမှ ပြန်ကြသည်။ တချို့ကတော့ ရှုပ်သည်ဆိုတာ လှေဖြင့် အလွယ်ကူးပြန်ကြသည်။)
နယ်စပ် ပွဲစား
ဘန်ကောက်ပြန် မြန်မာများကတော့ တထောင်ပေးပြီး တံတားက ဖြတ်ကြသည်။ သို့သော် ထို တထောင်တန် ဗီဇာအတွက် စာရွက်စာတမ်းကိစ္စက တနေ့တာကုန်ချင်လည်း ကုန်သွားနိုင်သည်။
ထိုအတွက် ပွဲစားကို အပ်ကြရသည်။ ပွဲစားခ သုံးလေးရာ ပိုပေးလိုက်ကြသည်။ သွားလိုရာ အမြန်ရောက်ဖို့ အရေးကြီးသည်ဟု စိတ်ထဲ ထားကြသည်။
တခါမှ မသွားဖူး မလာဖူးသူများ၊ ရုံးကန္နားကြောက်သူ စကားနားမလည်သူ၊ လိုရာအမြန်ရောက်လိုသူ စသဖြင့် လူအထွေထွေမှာ ပွဲစားကို အသုံးပြုကြသည်။
မငှားခင်က ပွဲစားအပြောချိုသလောက် အလုပ်တခု အပ်လိုက်လျှင် ထိုပွဲစားမှာ အချိုးပြောင်းတတ်သည်။
ဂိတ်မှာ တုံးထုဖို့ ခဏချင်း ရမည်ဟု ဆိုလျှင် ယုံကြည်ဖို့ ခက်ပါသည်။
ယုံပြီး ပိုက်ဆံပေးခိုင်းလိုက်လျှင် အနည်းနှင့်အများတော့ စောင့်ရမည်ကို ကြိုတင်သတိချပ်သင့်သည်။ အလိမ်ခံရဖို့ များ၏။
နယ်စပ် ရဲကြေး
ယခင်က ထိုင်းရောက်မြန်မာပြည်သားများမှာ အလုပ်လုပ်ခွင့်လက်မှတ် မရှိကြခြင်းကြောင့် မကြာခဏ ထိုင်းရဲဖမ်းဆီးခြင်း ခံကြရသည်။
အမိနိုင်ငံသို့ အချုပ်ကားဖြင့် ပြန်လည်ပို့ဆောင်ခြင်း ခံကြရသည်။
ယခု နိုင်ငံသားစိစစ်ပြီးနောက်တွင် ၆ နှစ်သက်တမ်းရှိသည့် အလုပ်သမား ပတ်စပို့များ ထုတ်ပေးလိုက်သောအခါ ရွှေ့ပြောင်းလုပ်သား မြန်မာပြည်သားအများစုမှာ ယာယီပတ်စပို့ ကိုယ်စီနှင့် ဖြစ်လာကြသည်။
ထိုပတ်စပို့ကလည်း ကြေးကြီး၏။ တော်ရုံ မလုပ်နိုင်။
သတ်မှတ်ငွေကြေးထက် နှစ်ဆ သုံးဆ ပိုပေးပြီး ပွဲစားများမှတဆင့် လုပ်ဆောင်မှသာ လွယ်ကူ၏။
သို့သော် အလုပ်သမားပတ်စပို့ လုပ်ပြီးပါကလည်း အလုပ်လုပ်ခွင့်ကတ်(ထိုင်းအခေါ် - ဘတ်) မရှိပါက ရဲဖမ်းပိုင်ခွင့်ရှိသည်။
အများအပြားက ဒါကို သိပ်နားမလည်ကြ။
ယာယီပတ်စပို့သာ လုပ်ပီး အလုပ်လုပ်ခွင့် မလျှောက်ဘဲ နေကြ၏။ တကယ်တမ်း ပြန်သောအခါ ရဲက စစ်လျှင် ဒဏ်ကြေးဆောင်ရ၏။
(ဓာတ်ပုံ - လေးဝါ/ဧရာဝတီ)
ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သလို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မနက် ၅ နာရီကျော် နယ်စပ်ဂိတ်ကို လာစဉ် မဲဆောက်လေယာဉ်ကွင်းရှေ့တွင် ထိုင်းရဲများက လိုင်းကားများကို စစ်ဆေးနေသည်။
ထိုင်းရဲများ အလုပ်လုပ်လှချည်လားဟု စိတ်က မှတ်ချက်ပြုခဲ့လိုက်သေးသည်။
သူတို့ စစ်ဆေးသည့် ထိုလိုင်းကားများပေါ်တွင် အိမ်ပြန်မည့် မြန်မာအလုပ်သမားများ စီးနင်းလိုက်ပါလာကြသည်။
မကြာခင် တန်းစီနေရာရောက်တော့ ကိုယ့်ရှေ့က ရောက်နှင့်နေသူတွေနဲ့ စကားစပ်မိသည်။ တချို့က မနက် ၄ နာရီကတည်းက အိမ်ကထွက်လာပီး ဂိတ်ရှေ့ လာတန်းစီနေကြသူများဖြစ်သည်။
အနီးအနားက လူငယ်အုပ်စုတစုကတော့ ခုနက မြင်ခဲ့သည့် ထိုင်းရဲများ စစ်ဆေးမှုကို ခံယူပြီးသူများ ဖြစ်လို့နေသည်။
ယာယီပတ်စပို့သာရှိပြီး ဘတ်မရှိပါက (အလုပ်လုပ်ခွင့်ကတ် မရှိပါက) ထိုင်းဘတ်ငွေ တထောင် ပေးဆောင်ခဲ့ရကြောင်း၊
သူတို့ ကားပေါ်တွင် လူ ၃ – ၄ ယောက်လောက် ထိုသို့ ပေးခဲ့ရကြောင်း အချင်းချင်း စကား ဖလှယ်နေကြခြင်း ဖြစ်သည်။
အလုပ်လုပ်လွန်းသော ထိုရဲများ ဒဏ်ကြေးငွေ အတော်ရမည့်ပုံဖြစ်သည်။
အထောက်အထား မပြည့်စုံသော၊ စာရွက်စာတမ်းကိစ္စ နားမလည်သော မြန်မာပြည်သားအများအပြားက ဒဏ်ရိုက်ခံရမည်ကို ကြိုမသိ၊ ဒဏ်ငွေပေးသည့်အခါ ဖြတ်ပိုင်းတောင်းရကောင်းမှန်းလည်း သိချင်မှ သိကြမည်။
မိအေး အကြိမ်ကြိမ်နာ
ရွှေ့ပြောင်းမြန်မာလုပ်သား ထောင်နှင့်ချီ နေ့စဉ် ဝင်ထွက်နေသော၊ နေရောင်မလာခင်ပင် နယ်စပ်မှာ လေးငါးရာကျော် ရောက်နှင့်နေသော နယ်စပ်ဂိတ်မှာ လူလှိုင်းလုံးကြီးနှင့် တူနေသည်။
အထောက်အထားရှိ၊ အထောက်အထားမဲ့ အလုပ်သမားများထံမှ ဝန်ဆောင်မှုကြေးငွေဖြင့် ရှာဖွေနေသော ပွဲစားကြီး၊ ပွဲစားလတ်၊ ပွဲစားသေးများ၊ လုပ်ငန်းရှင်များက လူလှိုင်းလုံးကြီးစီးပြီး ဝင်ငွေကောင်း၊ ဂွင်မိထားကြ၏၊
ထိုလူလှိုင်းမှာ မိအေး ၂ ခါထက်မနည်း ခံရသူများ၊ ရွှေ့ပြောင်းလုပ်သားဟု ခေါ်ဆိုသော တနေရာမှ တနေရာသို့ ရွှေ့ပြောင်းလုပ်ကိုင်သည့် မြန်မာပြည်သားများပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေ ထိုလူလှိုင်းကြီးက ကာလအတန်ကြာ ဆက်လက် ရှိနေဦးမည်ဖြစ်သည်။
ကေဇီလင်း ~
No comments:
Post a Comment