Tuesday, March 26, 2013
ယနေ့နံနက်က မဲဆောက်လေယာဉ်ကွင်းရှေ့တွင် အုပ်စုဖွဲ့စောင့်ဆိုင်းနေသည့်ရဲများက အလုပ်သမားများကို ရပ်တန့်စစ်ဆေးစဉ် နိုင်ငံကူးလက်မှတ်ရှိသူများကိုလည်း ခြိမ်းခြောက်ပြီး ငွေညစ်ခဲ့သည်ဟု မြန်မာအလုပ်သမား ကိုအောင်က ပြောသည်။
၎င်းက ”ဒီမနက် မဲဆောက်ကားဂိတ်က ဆင်းပြီး မြဝတီကမ်းနားကို အလာမှာ ထိုင်းရဲက စာအုပ်ပါရဲ့သားနဲ့ တယောက်ကို ဘတ် ၁,ဝဝဝ တောင်းတယ်၊ ဘာအတွက်လဲ မေးတော့ - စကား မများနဲ့၊ တောင်းတာကိုပေး၊ မင်းတို့ကို ဖမ်းပြီး ထောင်ထဲပို့လိုက်မယ် လို့ ပြောတယ်” ဟု ကိုအောင်က ဧရာဝတီသတင်းဌာနကို ရှင်းပြသည်။
အလားတူဖြစ်ရပ်မျိုးကို ယခုတလော နေရပ်ပြန်သူတို့ နေ့စဉ်နီးပါးကြုံတွေ့နေရသည်ဟုလည်း မြန်မာအလုပ်သမား အများအပြားက ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူသို့ ပြန်မည့် မသန်းခ-
”မနေ့က ကျမတို့လင်မယားဆီကနေ ဘတ် ၂,ဝဝဝ ယူလိုက်တယ်။
သံရုံးကို ဖုန်းဆက်မယ်ဆိုတော့ ဖုန်း သိမ်းလိုက်တယ် အမျိုးမျိုး ခြိမ်းခြောက်ပြောဆိုတာတွေ လုပ်ပါတယ်။
ဒါက အသားလွတ်စော်ကားခံရတာဖြစ်တယ်” ဟု ပြောသည်။
မြန်မာအလုပ်သမားများ မတရားပြုမူခံရမှုများ ကင်းဝေးရန်အတွက် ဘန်ကောက်ရှိမြန်မာသံရုံးအနေနှင့်မဲ ဆောက်တွင် စောင့်ကြည့်လေ့လာသည့်
အဖွဲ့တဖွဲ ထားရှိသင့်သည်ဟုလည်း မသန်းခင်ကပြောသည်။
မြန်မာအလုပ်သမားတဦးဖြစ်သည့် ကိုကြီးကျော် ဆိုသူက -
”သင်္ကြန်မတိုင်ခင်နဲ့ အလွန်ကာလတွေမှာ မဲဆောက်ကနေ မြဝတီကူးပြီး နေရပ်ပြန်တဲ့လူတွေ တနေ့ကို ထောင်နဲ့ချီပြီးရှိတယ်။
ဘန်ကောက်ကမြန်မာသံရုံးကို ဖုန်းဆက်တော့ သံရုံးက ထိထိရောက်ရောက် ဘာမှ အကူအညီပေးတာ မရှိဘူး” ဟု ပြောသည်။
ထိုင်းနိုင်ငံအတွင်းပိုင်းမှ ပြန်လာကြသော မြန်မာအလုပ်သမားများ နယ်စပ်ဂိတ်များသို့ သွားရောက်လေ့ရှိသည့် နံနက် ၄ နာရီမှ နံနက် ၈ နာရီ ကာလအတွင်း လမ်းတွင် စစ်ဆေးမေးမြန်းသည့် ရဲတို့နှင့် တိုးလေ့ရှိသည်။
နိုင်ငံကူးခွင့်ရသည့် ယာယီပတ်စပို့သာရှိပြီး အလုပ်လုပ်ခွင့်လက်မှတ် မရှိသူများကို ရဲက ဒဏ်ရိုက်ခြင်းဖြစ်နိုင်သည်ဟု ဆိုသူက ဆိုကြသည်။
အထက်ပါ ဖြစ်ရပ်များနှင့် ပတ်သက်ပြီး ဧရာဝတီက မဲဆောက်မြို့ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ - အလုပ်သမားများထံမှ ငွေကြေးတောင်းခံရန် မည်သူ့ကိုမျှ တာဝန်ပေးအပ်ခြင်း မရှိကြောင်း၊ ထိုသို့ ငွေကြေး တောင်းဆိုခံရပါက တိုင်ကြားနိုင်ကြောင်း တာဝန်ကျအရာရှိက ပြန်လည် ဖြေကြားသည်။
ဆက်စပ်ဆောင်းပါး - ပွဲစားခ နဲ့ ရဲကြေး ပေးနေရတဲ့ ထိုင်းရောက်မြန်မာများ ကို လာမည့် နာရီပိုင်းအတွင်း ဧရာဝတီဘလော့ http://blog.irrawaddy.org/2013/03/blog-post_4491.html တွင် ဆက်လက် ဖော်ပြပါမည်။
ယနေ့နံနက်ကမဲဆောက်-မြဝတီချစ်ကြည်ရေးတံတားမှတဆင့် နေရပ်ပြန်ကြမည့် မြန်မာအလုပ်သမား နယ်စပ်ဂိတ်တွင် တန်းစီစောင့်ဆိုင်းနေကြသည်ကို ဤသို့ တွေ့ရသည် (ဓာတ်ပုံများ - လေးဝါ/ဧရာဝတီ)
No comments:
Post a Comment