DVB News, 20February 2013 —-
အသက် ၁၂ နှစ်ရွယ် ကရင်မိန်းကလေးငယ် မအဲ ကို ၅ နှစ်ကြာ ကျွန်ပြုနှိပ်စက်ခဲ့တဲ့ ထိုင်းအလုပ်ရှင်လင်မယား ၂ ဦးကို အမြန်ဆုံး အမှုစီရင်ပြီး အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့ ကရင်အဖွဲ့အစည်းတွေက ထိုင်းအစိုးရကို တောင်းဆိုလိုက်ကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
နိုင်းဝိုင်းယင့် ထောင်းပို ခေါင်းဆောင်တဲ့ ထိုင်းနိုင်ငံ ကရင်ယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၊ ကရင်တိုင်းရင်းသားများသမဂ္ဂ စတဲ့ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၁၀ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးရုံး ပြန်ကြားရေးဌာနမှာ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပြီး ကရင်မိန်းကလေးငယ်အား နှိပ်စက်ညှဉ်းပန်းမှုကို ရှုတ်ချကြောင်းနဲ့ ကျူးလွန်သူကို ဥပဒေကြောင်းအရ ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရဆီ စာတစောင် ပေးပို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီ တောင်းဆိုချက်ထဲမှာ —
(၁) ထိုင်းနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ကျူးလွန်သူကို အမြန်ဆုံးရှာဖွေပြီး အမြင့်ဆုံးပြစ်ဒဏ် ချပေးဖို့။
(၂) မိန်းကလေးငယ် မအဲ နဲ့ သူမိသားစုရော၊ သူ့ကို လက်ခံစောင့်ရှောက်ထားတဲ့ ကမ်ဖိုင်ဖစ်မြို့က ကလေးနဲ့ မိသားစုစောင့်ရှောက်ရေးဂေဟာက ဝန်ထမ်းအားလုံးရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့။
(၃) မိန်းကလေးရဲ့ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အခြေအနေ ပုံမှန်အတိုင်း ပြန်ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားကုသပေးဖို့။
(၄) မအဲဟာ မိဘ၂ ပါးက နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားဆိုပေမယ့်လည်း ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့အတွက် ဥပဒေနဲ့အညီ ထိုင်းနိုင်ငံသားဖြစ်ခွင့်ရဖို့။
(၅) ဒီအမှုနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးနေသူတွေအနေနဲ့ ဩဇာတိက္ကမရှိသူတွေရဲ့ အာဏာသုံး ခြိမ်းခြောက်မှုကို မကြောက်ရွံ့ဘဲ ဥပဒေကြောင်းအရ တရားမျှတစွာဆောင်ရွက်ဖို့နဲ့ ခွဲခြားဆက်ဆံမှုတွေ မရှိဖို့ စတဲ့ အချက်ပေါင်း ၅ ချက်ကိုပါ တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် မိန်းကလေးနဲ့ မိသားစုတွေကို ထောက်ပံ့ကူညီဖို့အတွက် ကစီကွမ်း (ကေဘဏ်) ချင်းမိုင် – ဆန်ဆိုင်းဘဏ်ခွဲမှာ ၄၀၆ – ၂ – ၄၀၄၄၂ – ၁ နံပတ်နဲ့ စာရင်း တခုဖွင့်ထားပြီး ၂၀၁၃ မတ် ၃၁ ရက်နေ့အထိ အကူငွေတွေ လက်ခံမယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
မိန်းကလေးရဲ့ ကျန်းမာရေးနဲ့ အမှုကိစ္စတွေနဲ့ ပတ်သက်ပြီး ကမ်ဖိုင်ဖစ်ရဲစခန်း ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အခရဆွန် ဆရီဆူဖတ်က ထိုင်းသတင်းထောက်တွေကို ဒီကနေ့ မနက်က ပြောကြားခဲ့ရာမှာတော့ မအဲကို ဒီနေ့မနက်က ခရိုင်ဆရာဝန်ကြီးနဲ့အဖွဲ့က ရာမဓိပတိ ဆေးရုံကို ခေါ်သွားပြီး ပြသခဲ့တယ်လို့ ပြောပါတယ်။
သူ့ဒဏ်ရာတွေ နဂိုအတိုင်း ပြန်ဖြစ်ဖို့ ကုသနိုင်မယ့် နည်းလမ်းတွေ ရှာခဲ့ပြီး အဓိက ကတော့ နံကြားနဲ့ကပ်နေတဲ့ လက်မောင်းသားကို ခွဲစိပ်ဖို့ဖြစ်ကြောင်း၊ ကံကောင်းလို့ မျက်နှာမှာ ဒဏ်ရာမရတာလို့ ဆိုပါတယ်။
ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ ထိုင်းလင်မယား ၂ ဦးကိုတော့ အမှတ် ၆ တိုင်းဒေသ ရဲချုပ်ကြီး ဒုဗိုလ်မှူးကြီး ဝမ်ချိုင်း ထနကစ် ရဲ့ အမိန့်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပိုက်စိပ်တိုက် ရှာဖွေနေကြပြီး သတင်းစတချို့ ရထားပြီဖြစ်ကြောင်း၊ ကမ်ဖိုင်ဖစ်ခရိုင်ထဲမှာ မရှိပေမယ့် ထိုင်းနိုင်ငံထဲမှာပဲ ရှိနေကြောင်း၊ သူတို့ ၂ ဦးလုံး အတူရှိနေပြီး ပရကျင်းပူရီခရိုင်က စစ်သားတဦးရဲ့ အကူအညီနဲ့ ပုန်းရှောင်နေကြောင်းနဲ့ အသေးစိတ်ကို ဒီ ၁ ရက် ၂ ရက်အတွင်း သိနိုင်မယ်လို့ မျှော်လင့်ကြောင်း ဗိုလ်မှူးကြီး အခရဆွန် ဆရီဆူဖတ်က ပြောသွားပါတယ်။
(ကိုးကား – မန်နေဂျာအွန်လိုင်း ၊ ထိုင်းပီဘီအက်စ် ၊ စပရင်းနယူးစ်)
by ဒီဗွီဘီ
No comments:
Post a Comment