.

xxx

January 30, 2013

ကချင်တိုက်ပွဲ အမြန်ဆုံးရပ်တန့်နိုင်ရေး သျှမ်း နှင့် ကယား ပူးပေါင်းတောင်းဆို

Unknown | 1/30/2013 05:14:00 AM | Best Blogger Tips

                             
                    ယခုလဆန်းက SNLD နှင့်ကယန်းအမျိုးသားပါတီတို့တွေ့ဆုံကြစဉ် (ဓါတ်ပုံ- SNLD)



သျှမ်းသံတော်ဆင့်သတင်းဌာန. ၃၀ရက်နေ့ ဇန်န၀ါရီ ၂၀၁၃  —-  အစိုးရမှ အပစ်ရပ်ရေးလုပ်ဆောင်နေသော်လည်း မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်နေသည့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ကာ နိုင်ငံရေးနည်းဖြင့် နိုင်ငံရေးပြဿနာဖြေရှင်းကြရန် သျှမ်းပြည်နယ် နှင့်ကယားပြည်နယ်မှ ကိုယ်စားလှယ်များ၏ ပူးတွဲထုတ်ပြန်ချက်က ဆိုပါသည်။



“တိုင်းရင်းသားတွေနဲ့ ဗမာခေါင်းဆောင်တွေ ပူးပေါင်းကြိုးစားမှုနဲ့ လွတ်လပ်ရေးရယူခဲ့တာ ၆၅ နှစ်ရှိပြီဖြစ်ပေမယ့် တန်းတူညီမျှမှုနဲ့ တိုင်းရင်းသားရပိုင်ခွင့်များ ကနေ့တိုင် မရရှိသေးပါဘူး။ ဒါကြောင့် တိုင်းရင်းသားတွေရပိုင်ခွင့်ဆိုတဲ့အချက် ကို အစိုးရကနေ အလေးအနက်ထားပြီး ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ ၊ နိုင်ငံရေးပြဿနာကိုနိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းတောင်းဆိုပါတယ်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (သျှမ်းပြည်နယ်၊ ကယားပြည်နယ်) ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီကနေ သဘောထားထုတ်ပြန်ကြေငြာချက်မှာ တိုက်တွန်းတောင်းဆို ထားတာပါ” ဟု  ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီ၏ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြောပါသည်။

အဆိုပါ ကြေငြာချက်ကို လားရှိုးမြို့ SNLD ရုံးခွဲ၌ကျင်းပသော သျှမ်းပြည်တွင်း ပါတီစုံနှင့် လက်နက်ကိုင်တပ်ဖွဲ့ အချို့ပါဝင် သည့် ဆွေးနွေးပွဲအပြီး ဂျန္နဝါရီလ ၂၉ ရက်ကထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါဆွေးနွေးမှုမှာ ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် အခရာကျသည့် ယုံကြည်မှုတည်ဆောက်ခြင်းကို အဓိကထား ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း၊ သျှမ်းပြည်နယ်နှင့်ကယားပြည်နယ်အတွက် ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီ ၁၁ ဦး ကိုလည်း ရွေးချယ်နိုင်ခဲ့ကြောင်းဆိုပါသည်။

“ငြိမ်းချမ်းရေးမရှိရင် နိုင်ငံဟာ မတိုးတက်ဘူး။ အခုအစိုးရကြေငြာနေတဲ့အတိုင်း ဒီမိုကရေစီနိုင်ငံကို တည်ဆောက်မယ် ဆိုတာကလဲ ပြည်တွင်းစစ်ဖြစ်နေသေးသရွေ့ ရှေ့ဆက်လျှောက်လှမ်းနိုင်မှာ မဟုတ်ဘူး။ စစ်ဖြစ်တယ်ဆိုတာကလဲ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခွင့်မရတဲ့အတွက် ကြောင့်ပါဘဲ။ ဆိုတော့ အစိုးရက အပစ်ရပ်ရေး ကြေငြာနေပေမယ့် တပ်မတော်ပိုင်းက မရပ်ဘဲ ထိုးစစ်ဆက်လက်ဆင်နေမှုဟာ ငြိမ်းချမ်းရေးကိုဆန့်ကျင်နေတာဖြစ်တယ်။ ဒါကြောင့် အုပ်ချုပ် ရေးပိုင်း က သမ္မတဦးဆောင်တဲ့ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်  သုံးဘက်သုံးတန်  ညီမျှမှု တူညီမှု ရှိမနေ ဘူးလို့ မြင်ပါတယ်။ ဒါကြောင့် လွှတ်တော်ပြင်ပမှာရှိတဲ့ ကျနော်တို့ နိုင်ငံရေးပါတီဝင်တွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ လူမှုအဖွဲ့အစည်းတွေအားလုံး ကနေ – ၂၀ဝ၈ အတိုင်းသွားလို့ မရတော့ဘူး။ ပြုပြင်မှရတော့မယ်ဆိုတဲ့ တသံတည်း ထွက်ဆိုကြဖို့အတွက် အခုလို တွေ့ဆုံဆွေးနွေးမှုအတွက် ကြိုးပမ်းနေရတာဖြစ်ပါတယ်” ဟု စိုင်းလိတ်က သျှမ်းသံတော်ဆင့်အား ဆက်လက်ပြောပြ သည်။

နိုင်ငံရေးအင်အားစုများ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ လူမှုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်မည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေးပွဲ သျှမ်းပြည်နယ် နှင့် ကယားပြည်နယ် ညီလာခံအတွက်  လားရှိုးမြို့၌ မတ်ခ်ျလပထမပတ်အတွင်းကျင်းပမည်ဟု အကြမ်းဖျဉ်းလျာထားကြောင်း စိုင်းလိတ်ကပြောပါသည်။

သျှမ်းသံတော်ဆင့်

No comments: