.

xxx

January 30, 2013

ကချင်ထိုးစစ် အရှိန်ကျသွားသော်လည်း အစိုးရတပ်များ ပြန်မရုပ်သေး

Unknown | 1/30/2013 05:15:00 AM | Best Blogger Tips

                              
                                          မြန်မာ့တပ်မတော် အားဖြည့်စစ်ကြောင်း


သျှမ်းသံတော်ဆင့်သတင်းဌာန. ၃၀ရက်နေ့ ဇန်န၀ါရီ ၂၀၁၃  —  KIO ဋ္ဌဌာနချုပ် လိုင်ဇာမြို့အနီး KIA နှင့် အစိုးရတပ်တို့ အကြား ဖြစ်ပွားနေသော တိုက်ပွဲများ ယခုလ ၂၆ ရက်နေ့ နောက် ပိုင်း ငြိမ်သက်စပြုလာသော်လည်း  လိုင်ဇာအနီးတစ်ဝိုက်ရှိ အစိုးရတပ်များ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးကြောင်း သိရ သည် ။
ယမန်နှစ် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ KIO ဋ္ဌဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးရှိ စိုးမိုးကုန်းများအား အစိုးရတပ်မှ လေကြောင်း ပစ်ကူ အပါအဝင် အင်အား အလုံးအရင်းဖြင့် စတင် ထိုးစစ်ဆင်တိုက်ခိုက်ရာမှ နှစ်ဘက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည် ။



ယခုအခါ လိုင်ဇာဒေသ စိုးမိုးကုန်းအားလုံးနီးပါးကို အစိုးရတပ်မှ သိမ်းပိုက်ရရှိခဲ့ကာ နှစ်ဘက် တိုက်ပွဲအရှိန်ကျသွား သော် လည်း ထိုးစစ်ဆင်နေသည့် အစိုးရတပ်များ ရုပ်သိမ်းခြင်း မရှိသေးသဖြင့် အခြေအနေမှာ သောင်မတင်ရေမကျ ဖြစ်နေ ကြောင်း ကျောင်းသား တပ်မတော်မှ တပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“မနေ့ကတော့ လဝါးယန်ဘက်မှာ နာရီဝက်လောက်ပစ်ကြတယ်။ ဒီနေ့သူတို့ဘက်က လျှောက်ပစ်နေတာက လွဲလို့ တိုက်ပွဲ မရှိဘူး။ ဒါပေမဲ့သူတို့တပ်တွေက မရုပ်သေးဘူး အလုံးအရင်းနဲ့ရှိနေတုန်းပဲ အခြေအနေက ခန့်မှန်းရခက်တယ် ။” ဟု သူက ဆိုသည် ။

အစိုးရတပ်မှ သိမ်းပိုက်ရရှိသွားသော ၇၇၁ ပွိုင့်ကုန်း ၊ ဘွန်ရယ်ဘွန် ၊ ခါရာဘွန် ၊ အင်တဘွန် ၊ လဂျားယန် ၊ လဝါယန်နှင့် ဖွန်းပျဉ်ဘွန် တောင်ကြောများတွင် အခိုင်အမာ တပ်စွဲထားကြောင်း သူက ဆက်ပြောသည် ။

“စိုးမိုးကုန်းတွေမှာလည်း နေရာယူထားတယ် ။ နောက်တောင်ကြောတွေမှလည်းရှိနေတယ်။ အခုထိုးစစ်ဆင်တဲ့ တပ်အင်အား အတိုင်း ရှိနေတုန်းပဲ” ဟု ဆိုသည် ။

လိုင်ဇာဒေသအား ထိုးစစ်ဆင်ရာတွင် အစိုးရဘက်မှ တပ်မ ၁၀၁ ၊ တပ်မ ၈၈ ၊ စကခ ၃ နှင့် စကခ ၂၁ စသည့် တပ်အများ အပြားပါဝင်ခဲ့ကာ ၄င်းတပ်များမရုပ်သေးကြောင်း တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း ပြောသည် ။

“တပ်မ ၉၉ က တပ်မဟာ (၃) ဧရိယာထဲမှာ ၊ တပ်မ ၃၃က ပူတာအိုဘက်မှာ ၊ နမခ ခေါင်းတစ်ခေါင်းက ဆွမ်ပရာဘွန် နားမှာ  ၊ ဖားကန့်ခွင်ထဲမှာလည်း နမခတပ်တွေပါတယ် ။စကခ ရ တို့ စကခ ၂ တို့လည်းပါတယ် တပ်မတွေထဲက တိုက် ခိုက်ရေးကောင်းတဲ့ တပ်တွေကို ဆွဲထုတ်ပြီးသုံးတာလည်း ရှိတယ် ။တပ်တွေကမဆုတ်သေးဘူး ထပ်တောင် တင်နေသေး တယ် ” ဟု သူက ဆိုသည် ။

နှစ်ဘက်တိုက်ပွဲများ ဖြစ်နေသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတို့အကြား ဆွေးနွေးရေးကိစ္စ သောင်မ တင် ရေမကျ ဖြစ်နေချိန်တွင် သျှမ်းပြည် (မြောက်ပိုင်း) ပန်ဆန်း အခြေစိုက် UWSA  (ခေါ်) ဝ အဖွဲ့က ၄င်းတို့ နယ်မြေ အတွင်း ဆွေးနွေးရန် KIO နှင့် အစိုးရတို့ကို လွန်ခဲ့သည့် တစ်ပတ်ခန့်က ဖိတ်ကြားခဲ့ကြောင်း သိရသည် ။

၎င်းမှာ အစိုးရ အနေဖြင့် UNFC ဖြင့်သာ ဆွေးနွေးရန် KIO က အစိုးရအပေါ် ပြောဆိုချက်ကို အစိုးရက တုန့်ပြန်ရန် နှောင့် နှေးနေချိန်တွင် ယခုဖိတ်ကြားချက် ပေါ်ထွက်လာခြင်းဖြစ်ပြီး အစိုးရဘက်က အလျှင်အမြန်လက်ခံလိုက်ကြောင်း သိရသည် ။

သျှမ်းသံတော်ဆင့်

No comments: