.

xxx

January 18, 2014

ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ်ခရီးစဉ် လုံခြုံရေးအတွက် NLD ပါတီ၏ လုံခြုံရေးအင်အား ၅၀၀ ကျော်အပြင် ပြည်နယ်ရဲတပ်ဖွဲ့မှလည်း ရဲအင်အား ပိုမိုအသုံးပြုထား

Unknown | 1/18/2014 10:50:00 PM | Best Blogger Tips

19.1.2014

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ် ခရီးစဉ်လုံခြုံရေးအတွက် NLD ပါတီ၏စီစဉ်မှုဖြင့် လုံခြုံရေးအင်အား ၅၀၀ ကျော် အသုံးပြုသကဲ့သို့ ပြည်နယ်ရဲတပ်ဖွဲ့မှလည်း ရဲအင်အား ပိုမိုအသုံးပြုဆောင်ရွက်ခဲ့သည်ဟု NLD ပါတီနှင့် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် လမ်းကြောင်းတစ်လျှောက်နှင့် လူထုတွေ့ဆုံပွဲများ၌ ၎င်း၏အနီးကပ် လုံခြုံရေးအဖွဲ့နှင့် ကရင်ပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လူငယ်များအဖွဲ့တို့ ချိတ်ဆက်ဆောင်ရွက်ခဲ့သည့်အပြင် မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီလူငယ်အဖွဲ့ကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၁၈ ရက် ညနေပိုင်းက ဘားအံမြို့ရှိအောင်သံလွင် အားကစားကွင်းတွင် ကရင်ပြည်နယ်လူထုနှင့် တွေ့ဆုံခဲ့ပြီး ယနေ့(ဇန်န၀ါရီ ၁၉ ရက်) နံနက်ပိုင်းတွင် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကပ်ပလီကျေးရွာတွင် လူထုနှင့်တွေ့ဆုံမှု ပြုလုပ်မည်ဖြစ်သည်။

"ရောက်ရောက်ချင်း ကွင်းလုံခြုံရေးအတွက် အင်အား ၄၀၀ ချထားတယ်။ ဇွဲကပင် ဟိုတယ်အတွက် ပြည်နယ်က ၄၀။ မွန်ပြည်နယ်က ၅၀ လာပြီး ပူးပေါင်းတယ်။ လမ်းခရီးအတွက် သွားကြိုတာက ကားနှစ်စီးနဲ့ အယောက် ၃၀ သွားကြိုတယ်။ အန်တီရဲ့အနီးကပ်လုံခြုံရေးတွေနဲ့ ဆက်သွယ်ပြီးတော့ ပဲခူးဘုရားကြီးဘက်အထိ သွားကြိုတယ်"ဟု ကရင်ပြည်နယ် NLD ပါတီ၏ လူငယ်တာဝန်ခံ စောယျားဖောင်အွာက ပြောကြားသည်။

"မနက်ဖြန်အတွက် ဘားအံကနေ အင်အား ၄၀၀ လောက် နံနက် ၃ နာရီကတည်းက ကြိုသွားမယ်။ ကျန်တဲ့ ၄၀ က ဇွဲကပင်ဟိုတယ်ကနေ အန်တီထွက်ပြီးတဲ့နောက် လိုက်လာမယ်။ စုစုပေါင်းပြည်နယ် အစီအစဉ်အရ လုံခြုံရေးအင်အားက စုစု ပေါင်း ၄၇၀ ရှိမယ်။ ၄၇၀ ဆိုတာ မွန်ပြည်နယ်ကလာအားပေးတဲ့ အင်အားမပါသေးဘူး။ မွန်ပြည်နယ်က အင်အား ၅၀ ကျတော့ မနက်ဖြန် ဒီမှာချန်ထားမယ်။ အပြန်ကျရင် နေ့လယ်စာစားမယ့်အချိန်အတွက် စီစဉ်ထားတာ။ ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး အကောင်းမွန်ဆုံးဖြစ်အောင် အန်တီအတွက် အလုံခြုံဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမယ်" ဟု ၎င်းက ဇန်န၀ါရီ ၁၈ ရက်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ် ခရီးစဉ်နှင့်ပတ်သက်ပြီး ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက "ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးကိုတော့ သူတို့ပါတီကယူပါတယ်။ ကျွန်တော်တို့အနေနဲ့က အင်အားတော်တော်များများကိုတော့ ချထားပါတယ်။ အင်အားအတိအကျကိုတော့ ပြောလို့မရပေမယ့် လုံခြုံရေးကို ပြည့်ပြည့်၀၀ဆောင်ရွက်ထားပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်အောင်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား ၁၅ ဦးနဲ့လည်း လမ်းရှင်း၊ ယာဉ်ရှင်းနဲ့ ပြည်သူတွေ စည်းကမ်းတကျ သွားလာနိုင်အောင် ဆောင်ရွက်ထားပါတယ်" ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဘားအံမြို့ရှိ ဇွဲကပင်ဟိုတယ်တွင် ညအိပ်မည်ဖြစ်ပြီး ဇန်န၀ါရီ ၁၉ ရက် နံနက်တွင် လှိုင်းဘွဲမြို့နယ် ကပ်ပလီရွာသို့ သွားရောက်မည်ဖြစ်သည်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ် ဘားအံဒေသခရီးစဉ်လာတဲ့အခါမှာ ကျွန်မတို့ ဇွဲကပင်ဟိုတယ်မှာ တည်းခိုတဲ့အတွက်ကြောင့် ကျွန်မက ဟိုတယ်အနေနဲ့ရော အန်တီ့ကိုချစ်တဲ့ ပြည်သူတစ်ယောက်အနေနဲ့ရော အရမ်းကိုဂုဏ်ယူမိပါတယ်။ အန်တီ့ရဲ့ ကျန်းမာရေးအရ လိုအပ်ချက်တွေအကုန်လုံးကို အဖွဲ့ချုပ်ကသူတွေနဲ့ ပူးပေါင်းပြီး အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးထားပါတယ်" ဟု ဇွဲကပင်ဟိုတယ်မန်နေဂျာ မနန်းစုလှိုင်စိုးက ပြောကြားသည်။

Eleven Media Group




No comments: