.

xxx

May 14, 2013

Unknown | 5/14/2013 10:50:00 AM | Best Blogger Tips

ထိုင်းနိုင်ငံမှ တည်ဆောက်မည့် ဒေါန တောင်ကျော်ကားလမ်းသစ်အတွက် လမ်းအူကြောင်းရှာဖွေမှု စတင်လျက်ရှိပြီး ၂၀၁၅ ခုနှစ်အတွင်း အပြီးတည်ဆောက်မည်

ထိုင်းနိုင်ငံမှ တည်ဆောက်မည့် ဒေါန တောင်ကျော် ကားလမ်းသစ်အတွက် လမ်းအူကြောင်းရှာဖွေမှု စတင်လျက်ရှိပြီး ၂၀၁၅ ခုနှစ်အတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း အဆိုပါ ဒေါနတောင်ကျော်လမ်း ဖောက်လုပ်မည့် ထိုင်းကုမ္ပဏီ See Sang Karnyotah (1979)Co.,Ltd မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြ၀တီ-သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းပိုင်းတွင် ပါဝင်မည့် ဒေါနတောင်ကျော် ကားလမ်းသစ် ဖောက်လုပ်မှုအတွက် ကုန်ကျစရိတ်များကို ထိုင်းအစိုးရမှ ကူညီထောက်ပံ့ခြင်းဖြစ်ပြီး ဒေါနတောင်ကျော် ကားလမ်း၏ ခန့်မှန်းခြေအရှည်မှာ ၂၈ ကီလိုမီတာ ရှည်လျားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ-ကော့ကရိတ် လမ်းသစ်ကို ဖောက်လုပ်နေသော ထိုင်းကုမ္ပဏီဖြစ်သည့် See Sang Karnyotah (1979)Co.,Ltd မှ တာဝန်ရှိသူ တစ်ဦးက "ကျွန်မတို့ မြ၀တီ-ကော့ကရိတ် လမ်းကြောင်းဖြစ်တဲ့ ဒေါနတောင် ကားလမ်းကို စတင်ဖောက်လုပ်ဖို့ စီစဉ်နေပါတယ်။ အခု ဒေါနတောင် လမ်းသစ်အတွက် လမ်းအူကြောင်းရှာဖွေတာတွေ ဆောင်ရွက်နေပါတယ်။ လုပ်ငန်းဆောင်ရွက်မှုရဲ့ ၅ ရာခိုင်နှုန်းလောက် ဆောင်ရွက်ပြီးတဲ့ အခြေအနေ ဖြစ်ပါတယ်။ လမ်းအူကြောင်းရှာပြီး မြေပြင်ဖို့ ဆောင်ရွက်မှာပါ။ နောက်ထပ်နှစ်နှစ်လောက် ကြာမယ်။ ၂၀၁၅ အတွင်း အပြီးသတ်နိုင်ဖို့ ဆောင်ရွက်မှာပါ" ဟု ပြောကြားသည်။

ယခု ဖောက်လုပ်မည့် ဒေါနတောင်ကျော် ကားလမ်းသစ်သည် လက်ရှိအသုံးပြုနေသည့် ဒေါနတောင် ကားလမ်းဟောင်းထက် ပိုမိုပြေပြစ်ကာ အကွာအဝေးပို၍ တိုတောင်းမည်ဖြစ်သည်။

မြန်မာ-ထိုင်း အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် ဒေါနတောင် ကားလမ်းတွင် လမ်းပျက်စီးမှုကြောင့် နေ့စဉ်ယာဉ်အစီးရေ ရာချီ၍ပိတ်ဆို့မှု ဖြစ်ပေါ်လျက် ရှိသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ ကုန်စည်များကို မြန်မာနိုင်ငံ၊ မြ၀တီမြို့မှတစ်ဆင့် ရန်ကုန်နှင့် အခြားမြို့များသို့ သယ်ဆောင်ရာတွင် ယခု ဒေါနတောင် ကားလမ်းသည် အဓိကလမ်းကြောင်း ဖြစ်သည်။

ဒေါနတောင် ကားလမ်းတွင် နေ့စဉ် ယာဉ်သွားလာမှုကို အတက်နေ့နှင့် အဆင်း နေ့ခွဲခြား သတ်မှတ်ထားသော်လည်း နေ့စဉ်လိုပင် တစ်တောင်လုံး ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း၊ မိုးရာသီ ကာလများတွင်လည်း ကားလမ်းပေါ်သို့ မြေပြိုကျမှု၊ တောင်ပြိုမှုများကြောင့် လမ်းပိတ်ဆို့မှု ပို၍ဆိုးရွားကာ ခရီးသွားများအတွက် အသက်အန္တရာယ်နှင့် အမြဲတစေ ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ ဒေါနတောင် ကုန်သွယ်ရေး လမ်းကြောင်းအား တပ်မတော်နှင့် နယ်မြေခံ လက်နက်ကိုင်တပ်များ တင်းမာမှုဖြစ်ပေါ်သည့်အခါ ပိတ်ထားလေ့ရှိကြောင်း၊ အဆိုပါလမ်းကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ၀န်းကျင်က ဂျပန်များ ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်တပ်များ မြန်မာပြည်မှ ပြန်လည်ဆုတ်ခွာရာတွင် အသုံးပြုခဲ့သည်ဟု သိရသည်။   

(ဓာတ်ပုံ - ထိုင်းနိုင်ငံမှ တာဝန်ယူ ဖောက်လုပ်မည့် မြ၀တီ-သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းသစ်စီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို မေ ၉ ရက်က တွေ့ရစဉ်)

...

No comments: