.

xxx

January 23, 2013

အစိုးရတပ်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှိရာနေရာအနှံ့ ထိုးစစ်ဆင်ရန်အင်အားဖြည့်လှုပ်ရှားနေ

Unknown | 1/23/2013 11:40:00 PM | Best Blogger Tips


Wednesday, January 23, 2013 by Kachin News Group

ကချင်ပြည်နယ်တွင်း မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးလှုပ်ရှားမှုသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဗဟိုဌာနချုပ် လိုင်ဇာနယ်မြေသာမက KIA တပ်ချထားရာ ဒေသအနှံ့တွင် ထိုးစစ်ဆင်ရန် အင်အားများတိုးချဲ့၍ ပြင်ဆင်နေကြောင်းသိရသည်။

ယခုချိန် တိုက်ပွဲဖြစ်ပွားမှုနှင့် ထိုးစစ်ဆင်ရန်လှုပ်ရှားနေသောနယ်မြေများသည် တပ်မဟာ(၅) KIA ဌာနချုပ်နယ်မြေ ၊ ရှမ်းပြည်မြောက်ပိုင်းရှိ တပ်မဟာ (၄) နယ်မြေ၊ တပ်မဟာ(၁)နယ်မြေ ပန်ဝါဒေသနှင့် တပ်မဟာ(၆) နယ်မြေ ဖားကန့်ဒေသတွင် ဖြစ်ကြောင်း KIA အရာရှိများမှသိရသည်။



ယမန်နေ့နံနက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၄) နယ်မြေ ရှမ်းပြည်မြောက်ပိုင်း မန်တုံး (Mang Tung)နှင့် နမ္မတူ (Namtu) ကြား ပန်ဆောင်ရွာဟောင်းတွင် အစိုးရတပ် စစ်အင်အား ၁၀၀ ကျော်ရှိသော ခြေမြန်တပ် ခမရ (၁၃၀)နှင့် KIA တပ်ရင်း (၂၄) တို့ တိုက်ပွဲဖြစ်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မဟာ(၄)အရာရှိပြောသည်။

၎င်းတိုက်ပွဲတွင် KIA ဖက်မှ ခြုံခိုတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်မှုမရှိသော်လည်း အစိုးရတပ်မှ ၆ ဦး သေဆုံးခဲ့ကြောင်း KIA အရာရှိပြောသည်။ သို့သော် နှစ်ဖက်သီးခြားအတည်ပြုချက်မရသေးပေ။

အစိုးရတပ်များ စစ်အင်အား ၄၀၀ ကျော်ဖြင့် တိုးချဲ့ထားသော ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (Pangsai) နှင့် မုန်ဂိုး (Munggu) ဒေသတွင်လည်း ဆက်လက၍ တိုက်ပွဲများဖြစ်လာနိုင်ကြောင်းပြောသည်။

မြန်မာအစိုးရတပ်မှ ထိုးစစ်ဆင်လှုပ်ရှားမှုများ ရပ်ဆိုင်းမည်ဟုကြေငြာခဲ့သော လဂျားယန် (Lajayang) ဒေသတွင်လည်း လဂျားယန်အထက် တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အစိုးရတပ်၏ စစ်ယာဉ်တန်း ၂၄ စင်းသည်လည်း ယမန်နေ့ နံနက် ၈ နာရီချိန်တွင် တပ်မဟာ (၅) နယ်မြေ ဖာဂီ (Hpa Gyi) ရွာသို့ အင်အားတိုးချဲ့ထားကြောင်း တပ်မဟာ (၅) မှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ခယာဘက်မှာတော့ နေ့တိုင်းဘဲ နက်ကြီးသံတွေ ပစ်နေကြတယ်။ လက်နက်ကြီးက (၃) နေရာကနေ ပစ်ပေးနေတယ်။ မန်ဆိုင်း (Man Seng)၊ မဂျွယ်ဘွမ် (Majoi Bum) နဲ့ လကန်းတောင် (Lakang Bum) ကနေ ခယာ (Hka Ya) ဘက်ကို ပစ်နေတာ။ ရပ်ဆိုင်းမှုမရှိဘူး ပစ်နေတာဘဲ” ဟုဆိုသည်။

ယမန့်နေ့ နံနက် ၁၁ နာရီချိန်ခန့်တွင် တရုတ်နယ်စပ် KIA တပ်မဟာ (၁)နယ်မြေ ပန်ဝါ (Pangwa) အထက် မှတ်တိုင် (၆) သို့ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မှ ရဟတ်ယာဉ်ဖြင့် စစ်အင်အားနှင့် စားနပ်ရိက္ခာများ တိုးချပို့ဆောင်နေကြောင်း မြစ်ကြီးနား မျက်မြင်ဒေသခံများ KNG ကချင်သတင်းဌာန သို့ပြောသည်။

“တစ်ခါထွက်ရင် helicopter ၃ စင်းနဲ့ သွားနေတယ်။ အခုချိန်ထိ ဆိုရင် ၆ ကြိမ်မြောက် ရှိပြီ။ ၂ စင်းမှာ ရိက္ခာနဲ့ လူအင်အားတွေဖြည့်ပြီးတော့ ၁ စင်းက တိုက်ခိုက်ဖို့ အကူသွားလိုက်တယ်” ဟုဆိုသည်။

အစိုးရတပ်များသည် ပန်ဝါ (Pangwa) အထက်သို့ ပြန်လည်ထိုးစစ်ဆင်ရန် တိုးချဲ့လာသည်ကို သုံးသပ်ခြင်းအားဖြင့် ဆက်လက်၍ တိုက်ပွဲကြီးများဖြစ်လာနိုင်ကြောင်း ပန်ဝါ (Pangwa) အထက်မှတ်တိုင် (၆) အရာရှိပြောသည်။

တပ်မဟာ (၆)နယ်မြေ ဖားကန့်ဒေသတွင်လည်း ဇန်နဝါရီလ ၁၉ နေ့မှစ၍ အစိုးရစစ်တပ်များ စစ်မျက်နှာ ၃ မျက်နှာဖွင့်၍ ထိုးစစ်ဆင်လာသောကြောင့် အဆိုပါဒေသ၀န်းကျင်ရှိ ရွာပေါင်း ၁၀ ရွာသည် ဖားကန့်မြို့ဖက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။

အစိုးရတပ်၏ ယခုကဲ့သို့ KIA တပ်ရှိရာနေရာဒေသအနှံ့သို့ ကြည်းတပ်၊ လေတပ်၊ အမြှောက်တပ်များဖြင့် အင်အားတိုးချဲ့လှုပ်ရှားမှုများသည် ကချင်ပြည်နယ်တွင် ဆက်လက်၍ တိုက်ပွဲကြီးများဖြစ်ပွားလာနိုင်ကြောင်း ဒေသခံများသုံးသပ်၍ စိုးရိမ်နေကြသည်။

No comments: