.

xxx

January 19, 2013

မြန်မာအလုပ်သမားတို့၏ အသက် ၁၅ နှစ်အောက် သားသမီးများကို ထိုင်းနိုင်ငံတွင်း တရားဝင်နေထိုင်ခွင့်ကဒ် ထုတ်ပေးတော့မည်

Unknown | 1/19/2013 04:12:00 AM | Best Blogger Tips


မြန်မာအလုပ်သမားတွေရဲ့ အသက် ၁၅ နှစ်အောက် သားသမီးတွေကို သက်သေခံ အထောက်အထားလက်မှတ်တွေကို ထိုင်းနိုင်ငံက ထုတ်ပေးတော့မယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာအလုပ်သမားတွေရဲ့ သားသမီးတွေကို အထူးအခွင့်အရေးတရပ်အနေနဲ့ ထိုင်းနိုင်ငံထဲ တရားဝင် နေထိုင်နိုင်ဖို့ အခုလို သက်သေခံလက်မှတ်ထုတ်ပေးဖို့ ထိုင်းအစိုးရက ဇန်န၀ါရီလ ၁၅ရက်မှာ အတည်ပြုပေးလိုက်တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာသံရုံးက ပထမအတွင်းဝန် ဦးအောင်ကျော်လင်းကတော့ မြန်မာဘက်က တောင်းဆိုလို့ ထိုင်းအစိုးရက ခုလို လုပ်ပေးတာလို့ ပြောပါတယ်။ “ပထမတော့ မှတ်ပုံတင်ဖို့ကျန်ရှိနေသေးတဲ့ အလုပ်သမားတွေကိစ္စ။ နောက် ဒီမှာရှိနေတဲ့ မြန်မာနိုင်ငံသားကလေးတွေ ဘာအထောက်အထားမှမရှိနဲ့၊ သွားရလာရတာ ရဲတွေဘာတွေက အနှောင့်အယှက်ပေးတာပေါ့။ အဲဒါမျိုးတွေရှိတော့ ကျနော်တို့ဘက်က ဟိုတခေါက် နိုဝင်ဘာ အစည်းအဝေးမှာ စတောင်းဆိုတယ်။ လုပ်ထားတော့ ကတ်ဘိနက်အစည်းအဝေးမှာ ကျနော်တို့ဘက်က တောင်းဆိုထားတာတွေကို တင်ပြတာပေါ့။ ဒါကို အခု လက်ခံလိုက်တာ။” မြန်မာအလုပ်သမားတွေအနေနဲ့ ဇန်န၀ါရီ ၁၅ ရက်ကနေ ဖေဖော်ဝါရီ ၁၅ ရက် ၁ လ အတွင်း မိမိတို့ရဲ့ အလုပ်ရှင်တွေဆီကနေ တဆင့် နီးစပ်ရာ ထိုင်းအလုပ်သမားဌာနတွေမှာ အမြန်ဆုံး မှတ်ပုံတင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီလို မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမားတွေနဲ့ သူတို့ရဲ့ သားသမီးတွေကို ဖေဖော်ဝါရီ ၁၅ ရက်ကနေ မေလ ၁၅ ရက်၊ ၃ လ အတွင်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်း ၁၀ ခုကနေ သက်သေခံလက်မှတ်တွေ နေ့ချင်းပြီး ထုတ်ပေးသွားမှာလည်း ဖြစ်ပါတယ်။ အရင် ယာယီနိုင်ငံကူးလက်မှတ်လုပ်ထားပြီး အလုပ်သမားတွေရဲ့ သားသမီးတွေလည်း အခု သက်သေခံလက်မှတ် ထုတ်ပေးမယ့်အထဲ အကျုံးဝင်ပါတယ်။ အခု ထိုင်းအစိုးရကထုတ်ပေးမယ့် သက်သေခံအထောက်အထား Certificate of Identity (C of I) ဟာ ဘယ်လိုမျိုးဖြစ်မလဲ ဆိုတာတော့ နှစ်နိုင်ငံတာဝန်ရှိသူတွေ ဖေဖော်ဝါရီလထဲ ထပ်ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ မက်ဖောင်ဒေးရှင်းက ယိင်းဟွမ်ကတော့ အခုထုတ်ပေးမယ့် လက်မှတ်ဟာ ဘယ်လိုကလေးတွေ အတွက်လဲ ဆိုတာ ရှင်းရှင်းလင်းလင်းရှိဖို့ လိုမယ်လို့ ပြောပါတယ်။ “လက်မှတ်တွေရှိလာပြီ၊ တရားဝင် ၁ ခုဆိုရင် သွားလာရေး၊ ပညာရေးအပိုင်း၊ ကျန်းမာရေးအပိုင်းတွေမှာပါ အကျုံးဝင်မယ်လို့တော့ ထင်တယ်။ ဒါပေမယ့် ဒီထက်ပိုရှင်းလင်းဖို့လိုတယ်။ အခုပြောတဲ့ ၁၅ နှစ်အောက်ဆိုတာ၊ ၁၅ နှစ်အောက် အမျိုးမျိုးရှိတယ်။ အသစ်ဝင်လာတဲ့ကလေးတွေရှိတယ်။ သူတို့မိဘနဲ့ အရင်ကတည်းက ရောက်နေတဲ့ ကလေးရှိတယ်။ ထိုင်းနိုင်ငံမှာမွေးလို့ လက်မှတ်မရှိတဲ့ ကလေးတွေရှိတယ်။ ဒီကလေးတွေ အကုန်အကျုံးဝင်လား ပိုရှင်းလင်းဖို့လိုတယ်။” တရားဝင်မှတ်ပုံတင်ဖို့ ကျန်ရှိနေတဲ့ ထိုင်းနိုင်ငံထဲရှိ မြန်မာအလုပ်သမားတွေအနေနဲ့ မှတ်ပုံတင်တာ၊ ယာယီနိုင်ငံကူးလက်မှတ်လုပ်တာ၊ ၁၅ နှစ်အောက်သားသမီးတွေကို သက်သေခံအထောက်အထားလုပ်တာ၊ နေထိုင်ခွင့်ဗီဇာနဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် work permit ထုတ်တာတွေကို သက်မှတ်ကာလအတွင်း လုပ်ကြဖို့ မြန်မာသံရုံးက တိုက်တွန်း နှိုးဆော်ထားပါတယ်။ ဒီအကြောင်း သတင်းစာရှင်းလင်းပွဲတခုကိုလည်း ဇန်န၀ါရီ ၁၈ ရက် မွန်းလွဲပိုင်းမှာ ဘန်ကောက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ ပြုလုပ်သွားဖို့ ရှိပါတယ်။


 Credit to DVB
http://www.shweparami2012.com/2013/01/blog-post_19.html

No comments: