DVB News, 31 January 2013
—- လက်ရှိကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ အစိုးရတပ်ဘက်က ဆုတ်ခွာပေးသင့်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောကြား လိုက်ပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေရတာဟာ အစိုးရတပ်က ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲ ထိုးစစ်ဆင်နေလို့ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မအောင်မြင်ရတာဟာလည်း စစ်တပ်တွေ နောက်ဆုတ်ရေးကိစ္စကို မဆွေးနွေးလို့ဖြစ်ကြောင်း အစိုးရနဲ့အပစ်ခတ်ရပ်ထားတဲ့ ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းရွှေခါးက ပြောပါတယ်။
ဒေါက်တာ ဆလိုင်းရွှေခါး
“ပထမဆုံးအနေနဲ့ တင်းမာမှုတွေလျာ့သွားအောင် အရင်လုပ်ရမယ်။ စစ်တပ်ဘက်ကနေ တခြားနေရာကနေလာပြီး အဲနေရာမှာတပ်တွေလာချထားတာလုပ်တာတွေ။ ဥပမာ မြောက်ပိုင်းတိုင်းမှာရှိနေတဲ့ စစ်တပ်တခုတည်းဆိုရင် ကချင်ဘက်မှာပြဿနာရှိမှာ မဟုတ်ဘူး။ အခုက တခြားနယ်ကတပ်တွေအကုန်ဖြည့်ပြီးတော့ တပ်မ တွေ နေရာသွားချတော့ ကချင်အတွက်က သူတို့ကို စစ်ရေးအရကျူးကျော်တယ်၊ စစ်ရေးအရရန်စတယ်ဆိုပြီးတော့ ကာကွယ်မှုတွေလုပ်တာပေါ့။ ဒါကြောင့် ဒီပြဿနာတကယ်ပြေလည်ချင်တယ်ဆိုရင် ဇွန်လ ၉ ရက်နေ့ သူတို့မတိုက်ခင်ကတည်းက ရှိနေတဲ့အနေအထားအတိုင်း တပ်မတော်တွေကို နောက်ဆုတ်ပေးလိုက်ရင်တော့ အကုန်အဆင်ပြေမယ်ထင်တယ်။”
နိုင်ဟံသာ
မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “တိုက်ပွဲတွေ ဆက်ဖြစ်နေတာက အစိုးရဘက်က ကေအိုင်အိုရဲ့ ဌာနချုပ်ကို ဝိုင်းရံထားပြီး ထိုးစစ်ဆင်နေတဲ့ အနေအထားမျိုးဖြစ်တယ်။ အဲဒါကို အစိုးရဘက်က သဘောထားကြီးကြီးနဲ့ နည်းနည်းခွာပေးဖို့လိုတယ်၊ လမ်းဖွင့်ပေးဖို့လိုတယ်။ အဲဒီအနေအထားမျိုးမှာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု မယူရင်တောင် ခတ်လှမ်းလှမ်းမှာနေလိုက်ရင် အလိုလိုနေရင်းနဲ့ အပစ်အခတ်ရပ်စဲရေးက သွားမှာပဲ။ အဲဒီတော့မှ နိုင်ငံရေးအရ ဆွေးနွေးရင် အဆင်ပြေမှာဖြစ်ပါတယ်။ ဆွေးနွေးတဲ့အခါမှာလည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) နဲ့ ဆွေးနွေးတာက ပိုပြီးသဘာဝကျပါတယ်။ ဘာလို့လဲဆိုတော့ ဘာလို့လဲဆိုတော့ ကချင်အရေးတခုတည်း ဆွေးနွေးတာမှမဟုတ်ပဲ၊ တိုင်းရင်းသားအားလုံးရဲ့အရေးကို တခါတည်းဆွေးနွေးမယ်၊ ဒါမှ အားလုံး ပြေလည်သွားမယ်” လို့ ပြောပါတယ်။
ဒေါက်တာ အေးမောင်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “မူရင်းနေရာပြန်ပြောင်းရမယ်။ ဒီတိုက်ပွဲမဖြစ်ခင်က မူရင်းနေရာအထိ နှစ်ဖက်တပ်က ပြန်ဆုတ်ကြရမယ်။ ပြီးရင် ငြိမ်းချမ်းရေးစကားပြောရမှာပေါ့။ သမ္မတကြီးဘက်က ထိုးစစ်မဟုတ်ဘူးပြောတယ်။ ဒါပေမယ့် ထိုးစစ်အသွင်တွေ့နေရတယ်။ ဒီဘက်က တပ်ရင်းတပ်ဖွဲ့တွေပြောင်းတာ၊ လေကြောင်းချီတာတွေ ဒီဘက်က ပွင့်လင်းဖို့လိုမယ်။ ထိုးစစ်မဟုတ်ဘူးဆိုတာကို ဒီဘက်ကသတင်းစာရှင်းလင်းပွဲလုပ်ဖို့ လိုတယ်။ နောက်လွှတ်တော်ဘက်က တင်ပြတဲ့အပိုင်းရှိမယ်” လို့ ပြောပါတယ်။
ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ပါတီဥက္ကဋ္ဌဌဦးစိုင်းအိုက်ပေါင်းက အစိုးရတပ်ဘက်က ထိုးစစ်တွေရပ်စဲမယ့်အကြောင်း၊ ကေအိုင်အိုနဲ့ အစိုးရတို့ ဝ ဒေသမှာ ဆွေးနွေးမယ့်အကြောင်းတွေ သတင်းမီဒီယာကနေ တဆင့် ကြားသိရတဲ့အတွက် ကြိုဆိုကြောင်း၊ တိုက်ပွဲတွေဖြစ်နေရင် နိုင်ငံတိုးတက်ရေး နှောင့်နှေးပြီး အာဆီယံနိုင်ငံတွေအကြား နောက်ကျနေမယ်လို့ ပြောပါတယ်။
“ကျနော်တို့နိုင်ငံက တခြားအိမ်နီးချင်း အာဆီယံနိုင်ငံတွေနဲ့ယှဉ်ရင် နောက်ကျနေပြီ။ ဘာလို့နောက်ကျလဲဆိုတော့ ငြိမ်းချမ်းရေးမရသေးလို့ပဲ။ ငြိမ်းချမ်းရေးရဖို့ ပြည်သူတွေရာ အစိုးရရော တပ်မတော်ရော အားလုံးပူးပေါင်းလုပ်မှ အောင်မြင်မှာပါ။”
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က
ဦးအေးသာအောင်
“ကချင်မှာဖြစ်ပွားတာမှာ ထိုးစစ်တွေဆင်တယ်၊ လေယာဉ်တွေသုံးတိုက်ခိုက်တယ်။ ဒါတွေဟာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် အဟန့်အတားဖြစ်စေတယ်။ အထူးသဖြင့် ဒီလိုလုပ်ခြင်းဖြင့် သံသယစိတ်တွေ ကြီးထွားစေပြီး ယုံကြည်မှုပျက်ပြားစေတယ်။ ယုံကြည်မှုမတည်ဆောက်ဘဲ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး။ တကယ်လုပ်သင့်တာက လက်ရှိအစိုးရအနေနဲ့ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ လုံးဝအပစ်အခတ်ရပ်စဲ တဖက်သတ်ကြေညာပြီးတော့ နိုင်ငံရေးအရဆွေးနွေးဖို့ လိုတယ်” လို့ ပြောပါတယ်။
၁ နှစ်ခွဲကျော်ကြာ ဖြစ်ပွားနေတဲ့ ကေအိုင်အေနဲ့ အစိုးရတပ်တို့ တိုက်ပွဲကြောင့် ပြည်သူ ၁ သိန်းကျော် စစ်ဘေးရှောင် ဒုက္ခရောက်နေရတာ၊ နှစ်ဘက်စစ်သည်တွေ ထိခိုက်ကျဆုံးမှု များနေတာ၊ လက်နက်ကြီးထိမှန်ပြီး ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရ၊ လက်နက်ကိုင်အဖွဲ့လို့ စွပ်စွဲပြီး အနှိပ်စက်ခံရတာတွေ ရှိနေတဲ့အတွက် ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန် အဆုံးသတ်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ပြည်တွင်းနဲ့ ပြည်ပအဖွဲ့အစည်း အသီးသီးက လှုပ်ရှားမှုအမျိုးမျိုးနဲ့ တိုက်တွန်းနှိုးဆော်နေကြပါတယ်။
ခုရက်ပိုင်းအတွင်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ် ပါတီကလည်း တိုင်းရင်းသားတွေနဲ့ နှစ်ရှည်လများဖြစ်ပွားနေတဲ့ ပြဿနာကို လက်နက်နဲ့ဖြေရှင်းလို့ရမှာ မဟုတ်ဘူးလို့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သလို ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ ကျင်းပေရးကော်မတီကလည်း ကချင်စစ်ပွဲ အမြန်ဆုံးရပ်တန့်ပြီး တပြည်လုံးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖော်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။
by နန်းမြနဒီ
No comments:
Post a Comment