.

xxx

July 5, 2013

ရိုင်းစိုင်းတဲ့မုန်တိုင်းကြီးကို အန်တုမဲ့ triangle music band

Unknown | 7/05/2013 10:45:00 AM | Best Blogger Tips




 ဟောဒီကမ္ဘာမှာ လူသားတွေက ဂီတကို ၉၉ ရာခိုင်နှုန်းအထိ စိတ်ဝင်စားနေကြတယ်ဆိုတော့ ဂီတဖန်တီးရှင်တွေလည်း ခေတ်ရေစီးကြောင်းအရ အသစ် အသစ်တွေကို ပြောင်းလဲဖန်တီးပေးကြတာ အဆန်းတော့မဟုတ်ပါဘူး။

 ကိုယ့်ရဲ့ဖန်တီးမှုတေးသွားက ကမ္ဘာကျဉ်းကျဉ်းလေးမှာထက် ကျယ်ပြန့်တဲ့ကမ္ဘာသစ်ဆီကို ဦးတည်ပြီး ပျံနှံ့စေချင်တာကတော့ ဂီတဖန်တီးရှင်တွေရဲ့ အနုပညာအတ္တတွေပေါ့။ ကျင့်သားရှိနေတဲ့ ကိုယ့်ရဲ့အစွမ်းအစနဲ့ လက်ရှိ ကြိုးစားအားထုတ်မှုအပေါ် ဖြစ်တည်လာတဲ့ ဖန်တီးမှုလက်ရာတွေကို လူသားအားလုံးနားဆင်ဖို့အတွက် triangle music band အဖွဲ့တဖွဲ့ ထင်ထင်ရှားရှား ပေါ်လာတာကိုလည်း သတိထားမိပါတယ်။



 ဒီရေ လှိုင်းဖွေး မုန်တိုင်းကကြမ်းနေတယ်ဆိုတဲ့ တေးရေးသောမတ်စ်ရဲ့ သုံးဘက်သုံးတန်အတွေးနဲ့ မှည့်ထွင်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ triangle music band က ဒီလမ်းကြောင်းပေါ်ကို လွယ်လွယ်နဲ့ ရောက်ရှိလာတာမဟုတ်ပါဘူး။ သွေးပျက်လောက်တဲ့လှိုင်းကြားက စွန့်စားခြင်းများစွာနဲ့ triangle music band ဆိုတဲ့ အမည်နာမကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်လာခဲ့တာလည်း ဖြစ်ပါတယ်။

သူတို့တွေက လိဒ်ဂီတာ ဒူးဒူး၊ ကီးဘုတ် ပိပိ၊ ဘေ့စ် ဆဲနေ နဲ့ ဒရမ် ဝေဖြိုး၊စောဆူးလေးတို့ပါပဲ။ စကော အရှေ့အနောက်ပိုးကရင် သုံးဘက်သုံးတန်နဲ့ ဖွဲ့စည်းထားတဲ့ ဒီဝိုင်းကိုမဖွဲ့စည်းဖြစ်ခင်မှာ ဒူးဒူး ပိပိတို့ဟာ nuclear band နာမည်နဲ့ သီချင်းတွေများစွာ ဖန်တီးပေးခဲ့တယ်ဆိုတာလည်း ပရိသတ်တွေ သိပြီးသား ဖြစ်မှာပါ။



 ဒီနောက်မှာတော့ တေးရေး သောမတ်စ်ရဲ့ ကရင်ပြည်သူ့ပါတီအတွက် သီချင်းကို တီးပေးရင်းနဲ့ ဒီလူတွေနဲ့ တွေ့ဆုံပြီး ဖွဲ့ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကြားထဲမှာ apple နာမည်နဲ့ ကောင်းကောင်းဆိုတဲ့ ကောင်းကင်ကလူသားတဦးကို ဖန်ဆင်းပေးခဲ့ပြန်ပါတယ်။ ကောင်းကောင်းရဲ့ အယ်လ်ဘမ်နဲ့ မြန်မာပြည်မှာ အောင်မြင်မှု အတိုင်းအတာတခု ရရှိပြီးတဲ့နောက် အိုင်းရင်းဇင်မြင့်၊ မြင့်မြတ်၊ ကောင်းကောင်းတို့ရဲ့ ဘ၀တကွေ့ တွေ့ဆုံမှုမှတ်တိုင်ကို စိုက်ထူပေးနိုင်ခဲ့ပါတယ်။

 အိုင်းရင်းဇင်မြင့်ရဲ့တကိုယ်တော်ယိမ်းလိုက်ခွေကို တီးပေးပြီးတဲ့နောက် သူတို့ခြေလှမ်းတွေက ပိုပြီးသွက်လာပါတယ်။ အိပ်မက်ဆုံရာ season 2 ၊ အယ်လနန်းအောင်၊ LP ၊ ဧကရာဇ် တကိုယ်တော်ခွေတွေအပြင် ထူးဝါး၊ ဆိန့်ဖေါင်တို့ရဲ့ တကိုယ်တော်ခွေတွေကိုလည်း လက်ရှိတီးနေတာဖြစ်ပါတယ်။



 '' ကျွန်တော်တို့ အခု ခွေတွေတော်တော်များများတီးနေပါတယ်။ ဗမာခွေရော ကရင်ခွေရောပေါ့၊ နောက်ဆို triangle နာမည်နဲ့ပဲ ဆက်သွားမှာပါ' ဆိုပြီး လိဒ်ဂီတာဒူးဒူးက ဆိုပါတယ်။

 ကီးဘုတ် ပိပိကတော့ ' အနုပညာလောကမှာ ကျွန်တော်တို့ ကရင်လူမျိုးတွေ ချစ်စမ်းမောင်၊ စောဘွဲ့မှူး၊ သောမတ်စ်တို့လိုမျိုး ပေါက်ပေါက်ရောက်ရောက် ဖြစ်စေချင်လို့ ဒီလမ်းကို ခင်းလိုက်တာလည်း ဖြစ်ပါတယ်။'' လို့ ပြောပါတယ်။ ဟုတ်ပါတယ်။ triangle music band တဖွဲ့လုံး တက်ကြွနေကြပါတယ်။ သူတို့တွေ သွားမဲ့လမ်းက ရိုင်းစိုင်းတဲ့အန္တရာယ်မုန်တိုင်းကြီးကိုတောင် ရင်ဆိုင်ကျော်လွှားသွားမဲ့ အားအင်အပြည့်ရှိနေတာကို တွေ့မြင်နေရပါတယ်။ မရိုးနိုင်တဲ့ ဂီတအသစ်သစ်တွေကို ဖန်တီးရင် သူတို့တွေ လျှောက်လှမ်းနေဆဲပါပဲ။

No comments: