.

xxx

February 9, 2013

ကော်သူးလေအတွက် သွေးစွန်းတဲ့ ချစ်သူများနေ့

Unknown | 2/09/2013 01:32:00 AM | Best Blogger Tips


                                            
                           (ပဒိုမန်းရှာအတွက် ငါးနှစ်ပြည့် အောက်မေ့ဖွယ် အမှတ် တရ ဆောင်းပါး)

ဇကောလောက်မှ ဇောက်မနက်ပဲ အသားထဲက လောက်ထွက် သူများရဲ့ လက်ချက်နဲ့ ကရင့်အမျိုးသားတော်လှန် ရေးကို မှန် ကန်စွာ ဦးဆောင်မှုပေးနေခဲ့တဲ့ ဖထီးမန်းရှာ(ပဒိုမန်းရှာ လားဖန်း) ကျဆုံးသွားခဲ့ရပါတယ်။ မြန်မာ ပြည် အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ တန်းတူအခွင့်အ ရေးရရှိရေးနဲ့ ဒီမိုကရေစီ ထွန်းကား လာရေး အတွက် အရှိန်မြင့် ချီတက်လာတဲ့ တော်လှန်ရေး လမ်းကြောင်း လမ်း ခုလတ်တွင် ယခုလို ခေါင်းဆောင်ကောင်း တယောက် ဆုံးရှုံးသွားခဲ့ရတဲ့အတွက် ကရင့်တော် လှန်ရေး အတွက်ရော မြန်မာပြည် ဒီမိုကရေစီရေး အတွက်ပါ များစွာ ထိခိုက်နစ်နာ ခဲ့ရပါတယ်။

ဖထီးမန်းရှာ လုပ်ကြံခံရတာ လာမယ့် ၂၀၁၃ခုနှစ် ဖေ ဖော်ဝါရီလ ၁၄ရက် နေ့ မှာ လေးနှစ် တင်း တင်း ပြည့်ပြီဖြစ် သော်လည်း ကျနော့်အတွက်ကတော့ မနေ့တနေ့က လိုပဲ ခံစားနေ ရဆဲပါ။ ဖထီးမန်းရှာ လုပ်ကြံခံရတဲ့ အကြောင်းကို တွေးမိတိုင်း ရင်ထဲမှာ အမြဲပဲ အမှတ်ရနေ မိပြီး ယူကျုံးမ ရတဲ့စိတ်၊ နှမြောတသတဲ့ စိတ်၊ ၀မ်းနည်းကြေကွဲတဲ့ စိတ်တွေဟာလည်း ရင်ထဲ နှလုံးသား ထဲမှာ ဖော်ပြမရနိုင် လောက်အောင်ပဲ တရိတ်ရိတ် ဖြစ်ပေါ်လာခဲ့ရပါတယ်။


 သူလုပ်ကြံခံရတဲ့အချိန်ဟာ ကျနော် မဲဆောက်မှာပဲ ရှိနေတဲ့ အချိန်ပါ။ အဲဒီနေ့ဟာ ရုံးပိတ် အလုပ်နားတာကြောင့် ရုံးက လူတွေအားလုံးဟာ စိတ်ပြေလက်ပျောက်နဲ့ ပင်ပန်းနွမ်းနယ်မှု လေးတွေကို အတိုးချပြီး အနားယူကြတဲ့နေ့ ဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ဖေဖော်ဝါရီလ ၁၄ရက် ချစ်သူများနေ့လည်း မဟုတ်ပါလား။

အဲဒီနေ့မနက်မှာ ဖာထီးမန်းရှာဟာ ရုံးရှေ့ကို ကိစ္စတခုနဲ့ ရောက်လာခဲ့ပါသေးတယ်။ သူကိုယ်တိုင် ကားပေါ်ကနေ မဆင်းပေမယ့်လည်း သူ့ကို ကားမောင်းပို့ပေးနေတဲ့ သူ့ရဲ့သားကြီး စောစေးစေးက စာရွက်စာတမ်းတချို့ လာပို့သွားပါတယ်။ ကားပေါ်ကို လှမ်းကြည့်လိုက်တော့ သူအမြဲပဲ ၀တ်နေကျ အဖြူရောင်ဝစ်စကုတ်အကျီာင်္နဲ့ ဖထီးကို တွေ့ရပြီးတော့ ကျနော့ဘေးနားမှာရှိနေတဲ့ လူတယောက်ကိုတောင်မှ အဖိုးကြီးလည်း ကားပေါ်မှာ ပါလာတယ်လို့ ပြောလိုက်မိပါသေးတယ်။

ဝစ်စကုတ်အကျီာင်္ဝတ်ထားတဲ့ အဲဒီနေ့က ဖထီးရဲ့ ပုံရိပ်ကို ယခုချိန်ထိ ပြန်လည်မြင် ယောင်မိနေ သေးသလို အသက်ရှင်လျှက်နဲ့ ဖထီးကို နောက်ဆုံးအကြိမ် တွေ့ရခြင်း လည်း ဖြစ်ပါတယ်။ အသက်ရှင်လျှက်နဲ့ ဖထီးကို နောက်ဆုံး တွေ့ရမယ်ဆိုတာ အဲဒီအချိန်က ဘယ်လိုမှ ထင်မထားခဲ့မိပါဘူး။ အချိန်ကတော့ ထိုင်းစံတော်ချိန် မနက် ၁၀နာရီ ပတ်ဝန်းကျင်လောက် ရှိပါလိမ့်မယ်။

အဲဒီနေ့ နေ့လည်မှာတော့ အခင်ဆုံးအစ်ကိုကြီး စောကျော်ခလော့ခ် (ဇွဲကပင် ၀က်ဆိုဘ်)က အိမ်ကို အလည်လိုက်သွားဖြစ်ပါတယ်။ စောကျော်ခလော့ခ်ရဲ့ အိမ်က မယ်တော်ဆေးခန်းနဲ့လည်း နီးတော့ သူ့အိမ်မှာ အေးအေးဆေးဆေး အနားယူ ကြပြီးတော့ ညနေပိုင်းမှာ ဘော်လုံးပွဲ ကြည့်ဖို့ မော်တော်ဆိုင်ကယ်လေး စီးကာ သူ့အိမ်ကနေ ထွက်လာခဲ့ကြပါတယ်။ မော်တော်ဆိုင်ကယ် နှစ်ယောက်သား စီးပြီး ဟိုအကြောင်း ဒီအကြောင်း ပြောရင်းကနေ သူ့လက်ကိုင်ဖုန်းမြည်သံ ထွက်လာ ပါတယ်။

မော်တော်ဆိုင်ကယ်ကို လမ်းနဘေးမှာ ရပ်ပြီး ဖုန်းဆက်သူထံမှ ဖုန်းဆက်ရတဲ့ အကြောင်းရင်းကို မေးမြန်းပြောဆိုတဲ့ အချိန်မှာတော့ သူ့ဆီက တစုံတရာ ထူးခြား တုန်လှုပ် စွာနဲ့ ပြောဆိုနေတာကို တွေ့ရပါတယ်။ သူတို့ ပြောနေတဲ့ စကားတွေ အားလုံးကို မသိရပေမယ့်လည်း သူတို့ပြောနေတဲ့ စကားတွေက သွေးရိုးသားရိုး မဟုတ်မှန်း ကျနော့စိတ်ထဲမှာ အလိုလိုနဲ့ ကောက်ချက်ချ လိုက်မိပါတယ်။ ချက်ချင်းပဲ သူကကျနော့ဘက် လှည့်ပြီးတော့ လာ--ဟိုဘက်ရုံးမှာ သွားမယ်။ အရေးကြီးတယ် ပြောပြီး မော်တော်ဆိုင်ကယ်ကို ၀ုန်းခနဲ မောင်းထွက်သွားပါတော့တယ်။ ကျနော်လည်း အံ့သြတုန်လှုပ်မိကာ ဘာမှတုန့်ပြန်စကားပြန်မပြောနိုင်ပဲ မော်တော် ဆိုင်ကယ် နောက်မှာပဲ တကောက်ကောက် ပါသွားခဲ့ရပါတယ်။

သွားမယ့်ရုံးဆိုတာက မယ်တော်ဆေးခန်းနားက နယ်လှည့်ကျောပိုးအိတ် အဖွဲ့ရုံးပဲ ဖြစ်ပါတယ်။  အဲဒီရုံးကိုရောက်တော့ ကိစ္စတခုနဲ့ မဲဆောက်ကို ရောက်လာတဲ့ ခုနက ဖုန်းဆက်သူ(ဗိုလ်ကြီးစောဝင်းကျော်၊ တပ်မဟာ ၅) နေတဲ့အခန်းကိုပဲ တန်းသွား ခဲ့ကြပါတယ်။ သူနေတဲ့အခန်းကိုသွားပြီး ထိုင်မယ်လို့လုပ်တဲ့အချိန်မှာပဲ ပဒိုမန်းရှာ လုပ်ကြံခံလိုက် ရပြီးတော့ ပွဲချင်းပြီး သေဆုံးသွားပြီဆိုတဲ့ စကားကို  ဗိုလ်ကြီးဝင်း ကျော်က ကျနော်တို့ကို တုန်ယင်နေတဲ့ သူ့ရဲ့အသံနဲ့ ပြောပြပါတယ်။

သူ့ဆီက အဲဒီစကားလုံးကို သေသေချာချာကြားရတော့ မယုံကြည်နိုင် လောက်အောင်လည်း ဖြစ်ခဲ့ရပါတယ်။ ဘာလုပ်ရမယ်၊ ဘာပြောရမယ်မှန်း မသိပဲ ပါးစပ်အဟောင်းသားနဲ့ တိတ်ဆိတ်ငြိမ်သက်ခဲ့ရပါတယ်။ ဒါပေမယ့် တကြိမ်တခါမှ မခံစားဖူးခဲ့တဲ့ ၀မ်းနည်းကြေကွဲတုန်လှုပ်ခြောက်ခြားတဲ့စိတ်တွေဟာ ကျနော့ရဲ့ရင်ထဲ အသဲထဲ နှလုံးသားထဲ၊ ခေါင်းထဲစတဲ့ ခန္ခာကိုယ် တခုလုံးထဲကို လွမ်းမိုးစိမ့် လာပါတော့တယ်။

တခန်းလုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားပြီးတော့ ၀မ်းနည်းကြေကွဲတဲ့ စိတ်နဲ့အတူ ဒေါသစိတ်များပါ ပေါက်ကွဲ ထွက်ကျလာခဲ့ရပါတယ်။ မယုံကြည်နိုင်လောက်အောင်ပဲ ကိုယ့်ကိုယ်ကို ကိုင်တွယ်စမ်းသပ်ကာ ငါအိမ်မက်မက် နေတာလားလို့တောင် မေးခွန်းတွေ အကြိမ်ကြိမ် ထုတ်ခဲ့မိပါသေးတယ်။

မဟုတ်ပါဘူး။ ငါ့အိမ်မက်မဟုတ်ဘူး။ ငါပုံမှန်ပါပဲ။
ငါ့နားနဲ့ တကယ်ကြားနေ ရတာပဲလို့ ကိုယ့်ကိုယ်ကို အသိစိတ်ပြန် ပေးဝင်လိုက်ပြီး တော့ ဘာလုပ်ရမလဲ၊ ဘာလုပ်သင့်သလဲ ကိုယ့်ကိုယ်ကို တွေဝေနေတဲ့အချိန်မှာပဲ အိတ်ကပ်ထဲက လက်ကိုင်ဖုန်းကလေးကို ဘယ်သူမှ အမိန့်မပေးပဲ တန်းကောက် ကိုင်လိုက်မိပါတယ်။

လုပ်ဖော်ကိုင်ဖက် တယောက်ဖြစ်သူ KICရဲ့ ရုပ်ပြောင်ကာတွန်းဆရာကြီး စောတွတ်ပီ (ယခု၊ဖို့ဝိန်း)ဆီကို တန်းဆက်လိုက်မိပါတော့တယ်။ ဖုန်းခေါ်နေတဲ့အချိန်မှာလည်း ဖဒိုမန်းရှာမသေဘူး။ ဗိုလ်ကြီးဝင်းကျော်ပြောတာ သတင်းအချက်အလက် မှားနေပါ တယ်ဆိုတဲ့ တုန့်ပြန်မှုကို ကြားရပါစေလို့တောင် ဆန္ဒပြုခဲ့မိပါသေးတယ်။ ဒါမှ မဟုတ် ပဒိုမန်းရှာ ပွဲချင်းပြီးမသေဘူး။ ဒဏ်ရာအနည်းငယ်ကလွဲလို့ ပူပင်စရာမရှိဘူးဆိုတဲ့ တုန့်ပြန်မှုကိုလည်း မျှော်လင့်မိခဲ့ပါသေးတယ်။ ဒါပေမယ့် ကျနော့ရဲ့ ဆန္ဒတွေက မပြည့်မီခဲ့ပါဘူး။

စောတွတ်ပီ ဖုန်းကိုင်လိုက်တဲ့အချိန် ကျနော်ဘာမှ မမေးခင်မှာပဲ ပ်ုဒိုမန်းရှာသီ့ယုဂ် (ပဒိုမန်းရှာသေပြီ) ဆိုတာကိုပဲ ကြားလိုက်ရပါတယ်။ အခုငါ အသက်မရှိတော့တဲ့ ပဒိုမန်းရှာရဲ့ နဘေးမှာ မှတ်တမ်းတင် ဓါတ်ပုံ ရိုက်နေပါတယ်ဆိုတဲ့ စောတွတ်ပီရဲ့ ပြောဆိုနေတာတွေဟာလည်း ပဒိုမန်းရှာကို အသက်ရှင် နေစေချင်သေးတဲ့ ဒါမှမဟုတ် ဒဏ်ရာအနည်းငယ်ပဲ ရစေချင်တဲ့ ကျနော့ရဲ့ ဆန၊ မျှော်လင့်ချက်တွေကို တစမကျန် ရိုက်ချိုးလွင့်ပစ်လိုက်သလို ဖြစ်ခဲ့ရပါတယ်။

ချက်ခြင်းပဲ အပြင်ထွက်ပြီး နယ်လှည့်ကျောပိုးအိတ်ရုံးရဲ့ ထမင်းစားဆောင်ဘက်ကို ထွက်လာတဲ့အခါမှာတော့ တိတ်ဆိတ်ငြိမ်သက်ပြီး စိတ်မကောင်းဖြစ်နေတဲ့ တစ်ဒါဇင်လောက်ရှိတဲ့ လူတချို့ကို တွေ့ရပါတယ်။ သူတို့တွေလည်း ကျနော့လိုပဲ ခေါင်းဆောင်ကောင်းတယောက် ဆုံးရှုံးနေရတယ် မဟုတ်ပါလား။ တကယ်တော့ ပဒိုမန်းရှာကို အများက ကရင့်တော်လှန်ရေးကို မှန်မှန်ကန်ကန် ဦးဆောင်ပေးနိုင်မယ့် ခေါင်းဆောင်ကောင်း တယောက်အနေနဲ့ လက်ခံထားကြပါတယ်။

ပဒိုမန်းရှာ ပွဲချင်းပြီး သေဆုံးသွားပြီ ဆိုတာ ရာနှုန်းပြည့် မှန်ကန်နေပါပြီး၊ ကျနော်ရုံးခန်းကို ချက်ချင်းပြန်ပြီးတော့ အဲဒီညတညလုံး ပဒိုမန်းရှာရဲ့ အတ္တုပတ္တိ၊ မှတ်တမ်းဓါတ်ပုံ၊ မိန့်ခွန်းစတဲ့အချက်အလက်တွေကို မီဒီယာတွေအတွက် ကြိုတင်ရှာဖွေထားခြင်းလည်း ဖြစ်ပါတယ်။ သူနဲ့ပတ်သက်တဲ့အကြောင်းတွေကို ရှာဖွေစုဆောင်းရတဲ့အတွက်ကြောင့်လည်း သူ့ကို ပိုပြီးတော့ အမှတ်ရခဲ့မိပါတယ်။

တညလုံး အိပ်မပျော်နိုင်ပဲ သူ့အကြောင်းကိုပဲ ထိုင်တွေးနေမိတော့တယ်။ သူ့အိမ်မှာ အတူတူ တာလပေါ့ဟင်းနဲ့ ထမင်းစားတတ်တဲ့ ဖထီးရဲ့ အဆင့်အတန်း ခွဲခြားမှု မရှိတဲ့အချိန်၊ သတင်းစာ ရှင်းလင်းပွဲတွေ၊ အခမ်းအနားတွေမှာ ပြတ်သားခိုင်မာပြီး ထိထိမိမိပြောတတ်တဲ့ ဖထီးရဲ့ ပြောဆိုနေချိန်၊ နောက်ဆုံး ၀စ်စကုတ်နဲ့ တွေ့ခဲ့တဲ့အချိန်တွေကိုပါ မှတ်မှတ်ရရ ပြန်လည် မြင်ယောင်ခဲ့မိပါတယ်။ ယခုထက်ထိ မျက်စိထဲမှာ ပြန်လည် မြင်ရောင်မိပါသေးတယ်။

ဒါပေမယ့်လည်း ပဒိုမန်းရှာလို ခေါင်းဆောင်မျိုး ကရင့်အမျိုးသား ထုအတွင်းမှာ အများအပြား ဆက်လက် ပေါ်ထွန်းလာပြီးတော့ အမျိုးသား တော်လှန်ရေးကို ဆက်လက် ဦးဆောင်သွားမယ်ဆိုတာ ဧကန်မုချမလွဲပါဘူး။ အစားထိုးမ ရနိုင်တဲ့ ခေါင်းဆောင်ကောင်းတယောက်က သူချစ်တဲ့ သူ့ကရင်အမျိုးသား၊ သူယုံကြည်တဲ့ တော်လှန်ရေး၊ သူတည်ဆောက်ခဲ့တဲ့ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု၊ သူခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့ တော်လှန်ရေးမူဝါဒကို စွန့်ခွာသွားပါပြီး။ လူသေပေမယ့်လည်း နာမည်တော့ မသေပါ။ သူ့ရဲ့ဝိညဉ်တွေက တော်လှန်ရေးအပေါ်မှာ ဆက်လက်ရှိနေအုံးမှာ ဖြစ်သလို သူ့ရဲ့ မိန့်မာချက်၊ သူ့ရဲ့ တော်လှန်ရေးရပ်တည်ချက်များဟာလည်း ဧရာဝတီ၊ သံလွင်၊ စစ်တောင်းမြစ်ဝှမ်းနဲ့ ကွဲပြားနေတဲ့ ဒေသအသီးသီးက ကရင်တမျိုးသားလုံးရဲ့ လွတ်မြောက်မှုအတွက် ဆက်လက် လွမ်းမိုးနေအုံးမှာ ဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပေတယ်။

အာဇာနည်မျိုး သေရိုးမရှိပါ
ဖိုးဒိုခွား
အဲခေါင်သောင့်(ခေါ်) အယ်ကော်

copy from  http://ehkhaungthaunt.blogspot.com/2013/02/blog-post_9.html

No comments: