.

xxx

February 7, 2013

အမျိုးပြုတ်တော့မယ့် ကရင် အပိုင်း(၁)

Unknown | 2/07/2013 11:58:00 PM | Best Blogger Tips



 


                             အပိုင်း(၁)

February 7, 2013
By မင်းစိုးစံ

ခေါင်းစည်းကိုမြင်လိုက်တာနဲ့ ပြူးသွားပြီလား။ (မျက်လုံး)
ကရင်တွေ နိုင်ငံတကာကိုရောက်နေပြီ အမျိုးမပြုတ်နိုင်တော့ဘူး။
ကရင်ထီးနဲ့ ကရင်မ,ညားကြတယ်၊ ကရင်ကလေးတွေမွေးလာတယ်။
ကရင့်အမျိုးသားအခန်းအနားတွေကို မိမိရောက်နေတဲ့ နေရာတိုင်း ဒေသ,တိုင်းမှာကျင်းပ,ကြတယ်။
ကရင်ပညာတတ်တွေ များလာပြီ ကရင်အမျိုးမပြုတ်နိုင်တော့ဘူး။


အဲဒီလိုထင်နေကြသလား။ အဲဒီလိုယူဆ,ယုံကြည်ထားနေကြသလား။
ဒါဆိုလျင်တော့ တော်တော်ကြီးကိုမှားနေပြီ သိပ်ကိုမှားနေပြီ။ မှားတာမှ ပက်ပက်စက်စက်ကိုမှားတာ။

လူမျိးတစ်မျိုးအဖြစ် သတ်မှတ်နိုင်ဘို့ဆိုတဲ့အခါမှာ အဓိက,ကျတဲ့ အခြေခံအချက်တွေရှိပါတယ်။ အဲဒီအခြေ
ခံကျတဲ့အချက်တွေထဲက တခုခုချို့ယွင်းလျော့နည်းသွားမယ် ပ,ပျောက်သွားမယ်ဆိုလျင် ပြည့်စုံမှုမရှိတော့
ဘူးဆိုလျင် လူတော့လူပါပဲ အမျိုးအနွယ်မသိတော့တဲ့ လူဖြစ်သွားပါပြီ။ အဲဒီတော့ အဓိက,ကျတဲ့အခြေခံအ
ချက်တွေနဲ့ မပြည့်စုံနိုင်တော့တဲ့ ကရင်တွေ လူမျိုးတစ်မျိုးလို့သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းမမှီတော့တဲ့ က
ရင်တွေကို လူသားအဖြစ်ကမ္ဘာပေါ်မှာ နေထိုင်ရပ်တည်နိုင်ရုံလေးနဲ့ ကရင်အမျိုးမပြုတ်နိုင်တော့ဘူးလို့ဆို
တာထက် လူသားအနွယ်ဝင်အဖြစ်တည်ရှိနေနိုင်တယ်လို့ပြောတာက ပိုပြီးမှန်ကန်ပါလိမ့်မယ်။

လူနဲ့ လူမျိုးဆိုတာ မတူတာကိုအားလုံးအသိ ဖြစ်ပါတယ်။ ကရင်တွေကို လူမျိုးတစ်မျိုးအဖြစ်(ကရင်လူမျိုး)
ဆက်လက်ရပ်တည်နိုင်ဘို့ ကရင်မ,နဲ့ကရင်ထီး ကရင်မျိုးနွယ်ချင်း လက်ထပ်ထိမ်းမြားပြီး မျိုးပွါးနေနိုင်ရုံ၊
နိုင်ငံတကာကို ရောက်နေရုံ၊ ပညာတတ်များနေရုံ၊ ကရင်အမျိုးသားတွေနဲ့သက်ဆိုင်တဲ့ အခန်းအနားတွေ
လုပ်နေရုံနဲ့ ကရင်အမျိုးမပြုတ်ဘူးဆိုတာ အင်မတန်လွဲမှားတဲ့ တွေးခေါ်ယူဆ,ချက်ပါ။

ဘယ်လိုလူမျိုးမဆို လူမျိုးတမျိုးအဖြစ်ရပ်တည်နိုင်ဘို့ အဓိက,ကျတဲ့ အချက် ၅ချက်နဲ့ ပြည့်စုံရပါလိမ့်မယ်၊
အဲဒီအချက် ၅ချက်နဲ့ မပြည့်စုံပဲနဲ့ လူမျိုးတစ်မျိုးလို့ ပြောဆိုသတ်မှတ်လို့မရပါဘူး။ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊
သျှမ်း၊ ကရင်နီ၊ ချင်း၊ ဗမာ စ,တဲ့လူမျိုးတိုင်းမှာလည်း အောက်မှာရေးသားထားတဲ့ အချက် ၅ချက်နဲ့ ပြည့်စုံ
ဘို့ အထူးလိုအပ်ပါတယ်။

လူမျိုးတစ်မျိုးအဖြစ်သတ်မှတ်နိုင်ရေးအတွက် လိုအပ်တဲ့အချက် ၅ချက်

(၁) ကိုယ်ပိုင်စာပေ
(၂) ကိုယ်ပိုင်စကား
(၃) ကိုယ်ပိုင်အမျိုးသားဝတ်စုံ
(၄) ကိုယ်ပိုင်ယဉ်ကျေးမှု (တူရိယာပစ္စည်း အတီးအမှုတ် တေးသီချင်း)
(၅) ရိုးရာဓလေ့
အဲဒီအချက် ၅ချက်နဲ့ပြည့်စုံရပါလိမ့်မယ်။

အဲဒီတော့ လက်ရှိ ကျုပ်တို့ကရင်တွေမှာ အဲဒီအချက် ၅ချက်နဲ့အညီ ရပ်တည်နေထိုင်နေကြပါရဲ့လား၊ ကရင်
တွေ ကရင်စကားပြောကြပါသလား။ ပြောတတ်ကြပါသလား။ ဘယ်လောက်အထိ ကရင်စကားလုံး ဝေါဟာ ရတွေ လျော့နည်းသွားပါပြီလဲ။ ပျောက်ကုန်ပါပြီလဲ။ ကရင်တွေ ကိုယ့်ကိုယ်ကို ကရင်လို့ခံယူထားကြပါသ လား။

အထူးသဖြင့် ကရင်အချင်းချင်းညားလို့မဟုတ်ပဲ ကရင်နဲ့တခြားလူမျိုးညားပြီးလူဖြစ်လာတဲ့ကရင်တွေ ကျုပ်
ကရင်ပါလို့ ခံယူသူဦးရည်(အရေအတွက်) ဘယ်လောက်ရှိပါသလဲ။ အဲဒီလိုလူတွေထဲက ကရင်စကားကို
ဘယ်အတိုင်းအတာအထိ အသိအမှတ်ပြုပြောဆိုကြပါသလဲ။
ကရင်မိဘနှစ်ပါးက ပေါက်ဖွါးလာတဲ့ ကရင်တွေထဲက မိမိကိုယ်ကို ကရင်ပါလို့ ခံယူထားတဲ့သူတွေ ကရင်
စကားမပြောတတ်သူ ဦးရည်(အရေအတွက်) တနှစ်အတွင်း ဘယ်နှစ်ယောက်လောက်ရှိလာပါသလဲ။
ဒီနေရာမှာ နိုင်ငံတကာရောက် ကရင်တွေနဲ့ ပြည် တွင်းမှာနေထိုင်လျက်ရှိကြတဲ့ ကရင်တွေကိုပါ ပြောနေ
တာဖြစ်ပါတယ်။

စာပေမှာလည်း ဒီလိုပါပဲ။ စာပေတွေက များလွန်းတယ်၊ တစ်ခုပဲရှိရမယ်ဆိုပြီး ပြောနေတဲ့သူတွေရှိပါတယ်။
ကရင်စာပေ ဘယ်နှစ်မျိုးရှိသလဲ။ ကရင်တွေ ဘယ်နှစ်မျိုးရေးတတ်သလဲ၊ ဘတ်တတ်သလဲ။ ကရင်စာငါးမျိုး
ရှိလျင် ဘယ်နှစ်မျိုးရေးတတ် ဘတ်တတ်သလဲ။ ဆယ်မျိုးရှိလျင် ဘယ်လောက်ရေးတတ်ဘတ်တတ်သလဲ။
တစ်မျိုးပဲတတ်တယ်ဗျာ ဆိုလျင် အဲဒါသွားပြီ၊ တစ်မျိုးမှမတတ်ဘူးဆိုလျင် ကရင်အမျိုးပြုတ်ဘို့ ပိုပြီးနီးလာ
တယ်လို့သာ မှတ်ပေတော့။

ပညာဘယ်လောက်ပဲတတ်တတ်၊ နိုင်ငံခြားပဲရောက်ရောက်၊ ကရင်အမျိုးသားနဲ့ဆိုင်တဲ့ အခန်းအနားတွေ
ဘယ်လောက်ပဲ ကျင်းပ,ကျင်းပ,၊ ကရင်အမျိုးသားနဲ့အမျိုးသမီး(ကရင်အချင်းချင်း)ဘယ်လိုပဲ အိမ်ထောင်
ပြုပြု ကရင်အမျိုးပြုတ်မှာပဲ။
ကရင်စာပေများလွန်းလို့ ဆိုပြီး တစ်ခုမှတတ်အောင် မသင်ချင်တဲ့ လူများလေလေ ကရင်အမျိုးပျောက်ဘို့ပို
လွယ်လေပဲ။ ဒါကြောင့် ဗမာစစ်အစိုးရအဆက်ဆက်ဟာ ကရင်စာပေကို ကရင်တွေမသင်နိုင်အောင် မသင်
ရဲအောင် မသင်ချင်အောင် နည်းအမျိုးမျိုးနဲ့ ဘက်ပေါင်းစုံကနေလုပ် လာခဲ့တာဖြစ်တယ်၊ လုပ်နေတာဖြစ်
တယ်၊ ဆက်ပြီးတော့လည်း ကရင်အမျိုးမပျောက်မချင်းလုပ်နေဦးမှာဖြစ်တယ်။

ကရင်အတွက် ကရင်စာသင်ကျောင်းမရှိဘူး၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကရင်စာသင်ကျောင်းဖွင့်မယ်ဆိုတော့
လဲ ခွင့်မပေးဘူး နွေရာသီကျောင်းပိတ်ရက်မှာမှ ကရင်စာသင်ခွင့်ရှိတယ်။ ကူညီထောက်ပံ့မှုဆိုတာ ဝေး။

ကရင်အမျိုးသားဝတ်စုံကို မြတ်မြတ်နိုးနိုးနဲ့ ကရင်ဘယ်နှစ်ယောက်ဝတ်ဆင်ပါသလဲ။ ဘယ်လောက်တန်ဘိုး
ထားကြပါသလဲ။ ပြောကြပါလိမ့်မယ်
ကျုပ်တို့က ဘုရားရှစ်ခိုးတိုင်း ၀တ်တာဗျ။
အခန်းအနားတွေတိုင်းမှာ ၀တ်တာလေ။
ကွယ်လွန်သွားသူတွေကိုတောင် ကရင်ဝတ်စုံလေးထည့်ပေးလိုက်တာ။
စသည်ဖြင့်ပြောလာသူတွေ ရှိပါလိမ့်မယ်။ ဟုတ်ကဲ့ပါ။ ၀တ်ကြပါတယ်။ ဒါပေမယ့် အခန်းအနားပြီးတဲ့အထိ
ဝတ်တဲ့သူတွေရှိသလို အခန်းအနားအစီအစဉ် မပြီးခင်လေးမှာပဲ ချွတ်ပစ်လိုက်ကြတဲ့သူတွေလည်း အများ
အပြားပါ။ အခန်းအနားတွေကို စွပ်ကျယ်လေးတထည်တည်းနဲ့ လာပြီးစော်ကားကြတဲ့ ကရင်တွေလည်း ရှိ
နေတာကို တွေ့နေရပါတယ်။
လူအများစုက ရိုးရာဝတ်စုံလေးတွေကိုယ်စီ ၀တ်နေလေတော့ လူကြားသူကြားမှာ သူ့ကို လူတွေဂရုစိုက်စေ
ချင်လို့ ချိုင်းပြတ်စွပ်ကျယ်လေး ၀တ်လာတဲ့လူတွေ(အမျိုးသားဝတ်စုံမ၀တ်ပဲ)ဟာလည်း ကရင်အမျိုးမပြုတ်
ပြုတ်အောင် လုပ်နေကြသူများဖြစ်ပါတယ်။
နောက်တမျိုးကတော့ ကရင်အမျိုးသားဝတ်စုံကို အသေအခြာ မ၀တ်ဆင်ပဲ ပုခုံးပေါ်တင်ပြီး အခန်းအနားကို
လာတဲ့ကရင်တွေဆိုတာကလည်း ည၀တ်အင်္ကျီ၊ ဘောင်းဘီတိုဝတ်ပြီး လာကြတဲ့လူတွေလို ကရင်အမျိုး
ပြုတ်အောင်လုပ်နေကြသူများသာ ဖြစ်ပါတယ်။

ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ဆိုတတ်တာ တီးတတ်တာကို မပြောသေးဘူး။ ဘယ်လိုလုပ်ရသလဲ။
ကရင်လူမျိုးတွေရဲ့ ယဉ်ကျေးမှုတူရိယာပစ္စည်းတွေက ဘာတွေလဲ။ ဘယ်နှစ်မျိုးရှိသလဲ။ အခေါ်အဝေါ်တွေ
ကို သိသလား။ ဘယ်လိုနေရာမှာ ဘယ်လိုအချိန်မျိုးမှာ ဘယ်လိုအခန်းအနားတွေမှာ သုံးသလဲ။ ဆိုတာကို
ဘယ်လောက်သိထားသလဲ။
အဲဒီလိုမေးလိုက်တာနဲ့ ဒီမှာ ညီအစ်ကို ကျုပ်တို့ကလေးတွေကို ခေတ်မှီတိုး တက်နေတဲ့ ခေတ်ကြီးထဲကနေ
ခင်ဗျားဆွဲထုတ်နေတာလား၊ ခေတ်နဲ့အညီ အပြေးလိုက်နေတဲ့ ကလေးတွေရဲ့ ဘ၀ကိုဖျက်စီးနေတာလား
ရှေးရိုးစွဲမဆန်ပါနဲ့ လို့ အချို့သောသက်တူရွယ်တူပိုင်းက ပြောလာကြမှာဖြစ်သလို မျိုးဆက်သစ်တွေထဲက
အချို့ဆိုလျင်လည်း အဘိုးအိုကြီး ကျုပ်တို့က ခေတ်လူငယ်တွေဗျ ခင်ဗျားလို ကျောက်ခေတ်က လူမဟုတ်
ဘူး။ ခေတ်မှီနည်းပညာတွေ မြန်မြန်ဆန်ဆန်တိုးတက်နေတဲ့ အခုလိုအချိန်အခါမျိုးမှာ ခင်ဗျားရဲ့ ကရင့်ရိုးရာ
ပစ္စည်းတွေက ဘယ်မှာသွားသုံးမှာတုန်း။
လို့ပြောကောင်းပြောလာပါလိမ့်မယ်။

အဲဒီလို အတွေးအခေါ်တွေ အယူအဆ,တွေများလာလေလေ ကရင်အမျိုးပြုတ်ဘို့ပိုပြီး လွယ်လေလေဖြစ်
လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မိမိရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းရကောင်းမှန်း မသိ
နိုင်တော့တဲ့နောက် တဖြည်းဖြည်းကိုယ်ပိုင်ပစ္စည်းတွေပျောက်ကုန်ပြီး သူများပစ္စည်းနဲ့ရပ်တည်နေရတော့မှာ
ဖြစ်လို့ ဖြစ်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဆက်ရန်ရှိသေးသည်

copy from ဖူ့တာမိက် (အင်းဟှးလင်ဖ၀်) by မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

No comments: