“နှစ်သစ် ဆုတောင်း”
♣ စိတ်အတွေးထဲက
အစွန်းကျအတ္တတွေကိုလဲ မခုတ်ထွင်
သီလချို့တဲ့  ကျိုးပဲ့နေသော
ကျင့်ဝတ်ပေါင်းဆိုးတွေလဲ မရှင်းလင်း
ကိုယ့် ရင်ဘတ်ထဲကအမျိုးသားရေး‘ယာ’ ကိုလဲ
ညက်အောင် မထွန်ယက်
သေးသိမ်လွန်းတဲ့ အတွေးအခေါ်
လောကပါလ ဓမ္မကန်သင်းမဖေါ်
သစ္စာမြေသြဇာလဲ မတိုက်ကျွေး
ပြီးစလွယ်လေးနဲ့ 
စိုက်မွေးထားမှတော့
မျိုးစေ့ဘယ်လောက်မှန်မှန်
ဘာအပင် သန်မှာမို့ လဲ....။ ။
♣ ရွှေကရင် တို့ ရေ
ကိုယ့်အချင်းချင်းတော့ လက်ညှိုးထိုး
ဟိုအပြစ်ရှာ ဒီအမှားရှာ
ဒီကောင်တွေ “ဗါလာနံပါကွာ”လို့  အော်ဟစ်
အမျိုးသားရေးရန်သူစစ်စစ် တွေကိုတော့
ဦးချရှိခိုး မြွေစွယ်ကျိုးလို့
ဘုရားကိုး ကိုး....
အမျိုးလဲမချစ်
မျိုးမစစ်အတ္တတွေနဲ့ အလံလွှင့်
သင့်နီးစပ်ရာတချို့ တလေရဲ့
အကျိုးတွေပဲကြည့်နေရင်
အမျိုးသားရေးလမ်းတစ်ထောက်မှာ
“မျိုးချစ်စိတ်အစစ်ခမ်းခြောက်
အမျိုးပါကွယ်ပျောက်”လိမ့်မယ်....။ ။
♣ ဒွိဟ၀ိရောဓိတွေ
တောင်စဉ်ရေမရတွေနဲ့ 
သူမှားတယ် ငါမှန်တယ်ဆိုရအောင်
အမှားနဲ့ အမှန် ဧကန် ဧက ခွဲခြားပြရင်
အလွှာအက်တမ်ပါးပါးလေးပဲ ခြားသတဲ့....။ ။
♣ မျိုးချစ်စစ်တဲ့ တို့ ဘိုးဘေးအသင်္ချေ
ကရင်မှန်တဲ့ လူသန်မပြောတွေက
ဒို့ ရဲ့ “ဖြစ်တည်မှု”
ကျန်နေရစ်ရအောင်
ဘယ်အနူအနာမှ
မြေမလှန်ပစ်ရအောင်
ကြံဟ ဖန်ဟ တွန်းကြ တိုက်ကြ နဲ့ 
ဒို့ တတွေ မြေး မြစ် အဆက်ဆက်
ကမ္ဘာမဝေခင်ကာလအတွက်
အမျိုးသားရေးအတွေး ထက်မြက်နေစေဖို့
“ကရင့်နှစ်ကူးတစ်ရက်
ကရင့်အလံတလက်”
ချွေး၊သွေး တစက်မှမကျန်အောင်
လောကဓံကိုခြေစုံကန်ပြီး
ဒို့တွေအတွက် ဖန်တီးထားရစ်ခဲ့ကြတယ်....။ ။
♣ ဒို့ များခေတ်ရောက်မှ ဟိုလူး ဒီလူး
“ဟိုလမှာနှစ်ကူး ဒီလမှာနှစ်ကူး”
“ဟိုဘာသာရဲ့နှစ်ကူး ဒီဘာသာရဲ့နှစ်ကူး”...နဲ့ 
“ပြာသိုရူး တပို့ တွဲရူး” မရူးချင်စမ်းနဲ့ ....။ ။
♣ “နှစ်သစ်ကူးရဲ့အနှစ်သာရအမှန်
ဧကန်သိအောင်လုပ်”
နှဲ့တိုင်း မနဲ့ ၊မြှောက်တိုင်း မမြောက်
ချော့တိုင်း မပျော့၊ ခြောက်တိုင်း မကြောက်
အမြီး အမောက်တည့်အောင်နေ
လာမယ့်နှစ်ဆန်းမှာလေ
မတော်သင့်တာတွေ ဝေးနေရအောင်
“အတွေးသစ် နဲ့  အသစ်တွေး”
ကြိုက်ရာကိုသာရွေးပေတော့
ကရင့်အမျိုးသားအရေးဆိုတာ
အမှန်အကန်ကရင်များသာအဓိကတွေးသမို့ 
အမျိုးမှန် အဖိုးတန်တဲ့
“အမှန်အကန်ရွှေကရင်များ”
ဖြစ်ကြပါစေသား.....။ ။
စ’ဘီ(ထီးထာစွေး)