.

xxx

November 11, 2012

ကရင့်ရိုးရာဓလေ့ တေးသီပွဲ (သို့မဟုတ်) သြပွဲ

Unknown | 11/11/2012 10:37:00 PM | Best Blogger Tips
474167l68h9nknqq.gif

 
အရှေ့ပိုးကရင်များ အမြတ်တနိုး ထိန်းသိမ်းမြှင့်တင်သော ရိုးရာဓလေ့များအနက် သြပွဲ (ခေါ်) တေးသီချင်း သီဆိုပွဲသည် တစ်ရပ်အပါအ၀င်ဖြစ်သည်။ ကရင်လူမျိုးတို့၏ နှုတ်မှုသီချင်းသီဆိုရာတွင် သြပွဲသည် ရှေးအကျဆုံးဖြစ်သည်။ သြပွဲကို အရှေ့ပိုးကရင်စကားဖြင့် (ဆ်ုအာင်လင်) ဆအိုင်လောင် ဟူ၍ခေါ်ကြသည်။ အချို့ဒေသတွင် (ထါခေါဟ်ပွယ်) ထာခိုးပွယ် ဟူ၍လည်းခေါ်ကြသည်။ အရှေ့ပိုးကရင်အခေါ် ဆအိုင်လောင် သည် လက်ဝှေ့ရေးပြခြင်း ဟူ၍ အဓိပ္ပာယ်ရသည်။ တနည်းမှာ ကိုယ်ကာယ ကြံ့ခိုင်မှုကို အလှပြခြင်း ဟူ၍လည်းမှတ်ယူနိုင်သည်။ ထာခိုးပွယ် သည် တေးသီဆိုပွဲဟု အဓိပ္ပာယ်ရသည်။ သြပွဲကို (ဃှဲုးလင်ဖ၀့်ခႜီ့) ဟွီးလောင်ဖော့ခလီ့ (ခေါ်) မေတ္တာပန်းမျိုးစေ့ကြဲတဲ့ပွဲ ဟူ၍လည်းခေါ်ကြသည်။

သမိုင်းအရ ကရင်လူမျိုးများ အရှေ့တရုတ်ပြည် ယန်စီမြစ်အနီး တောတောင်များတွင် အခြေချနေထိုင်ခဲ့စဉ်က အဓိက တောင်ယာကို လုပ်ကိုင်စားသောက်ကြသည်။ တောင်ယာစပါးကို ရိတ်သိမ်း၍ တလင်းများတွင် စပါးများကိုခြွေချနယ်သည့်အခါ ညီညာကခုန်၍ တေးကဗျာများကို သီဆိုကြသည်။ ထိုသို့ဆိုကြရာတွင် လုလင်ပျိုတို့ကတစ်ဖက၊် လုံမေပျိုတို့ကတစ်ဖက် အမေးအဖြေသီချင်းဖြင့် သီကုံး၍ သီဆိုကြသည်။ တစ်ဖက်နှင့်တစ်ဖက် တေးပြိုင်သောသဘောဖြင့် လင်္ကာ၊ ကဗျာ၊ စကားထာများကို သီချင်းဖွဲ့၍ ဆိုကြသည်။ ထိုမှ တေးသီပွဲ သို့မဟုတ် သြပွဲသည် တည်ရှိလာကြောင်း ဆိုစမှတ်ပြုကြသည်။

သြပွဲသည် ကရင်လူမျိုးတို့၏ အပျိုလူပျိုပွဲဖြစ်သည်။ အပျိုလူပျိုများ မိတ်ဆက်ပေးခြင်း အချင်းချင်းရင်းနှီးမှုရှိစေခြင်းကို အကြောင်းပြု၍ ကျင်းပကြသည်။ ထို့ကြောင့် အပျိုလူပျိုမစစ်သူများ၊ တစ်ခုလပ်၊ မုဆိုးဖိုများ၊ မုဆိုးမများ ပါဝင်သီဆိုခွင့် မရှိချေ။ အချို့ဒေသများတွင် အပျိုလူပျိုပင်ဖြစ်သော်လည်း လူမှုရေးအမည်ပျက် ရှိဘူးပါက ပါဝင်ခွင့်မပြုကြချေ။ သြပွဲကျင်းပရာတွင် ညအခါ၌သာ ကျင်းပကြသည်။ ကျင်းပရာမှာလည်း တစ်ညသာဖြစ်သည်။ သြပွဲကျင်းပရာတွင် သာရေးနာရေးပွဲ၊ အလှူပွဲ၊ ရှင်ပြုပွဲ၊ မည်သည့်ပွဲမဆို ကျင်းပ၍ရနိုင်သည်။

ရှေးအခါက ကျေးလက်ဒေသများတွင် ဓာတ်မီးများ၊ လျှပ်စစ်မီးများ မထွန်းညှိနိုင်သေး၍ ညအခါ သြပွဲကျင်းပရာတွင် မီးတုတ်၊ မီးတိုင်များထွန်းခြင်း၊ မီးဖိုခြင်းဖြင့် အလင်းရောင်ရအောင် ပြုလုပ်ယူကြသည်။ သြပွဲကျင်းပနိုင်ရေးအတွက် ကျင်းပမည့် ရွာခံအပျိုလူပျိုတို့က ထင်းချောင်းများ၊ မီးတိုင်များကို ကြိုတင်စုဆောင်းထားကြရသည်။ မျက်မှောက်ခေတ်တွင် စတောင်းကင်းမီး (ဓာတ်မီး) ကို အလင်းရောင်အတွက် အသုံးပြုကြသည်။

သြပွဲကျင်းပမည့်ရွာသည် အခြာနီးစပ်သောရွာမှ အပျိုလူပျိုများထံသို့ ကြိုတင် အကြောင်းကြားရသည်။ အကြောင်းကြားရာတွင် ဖိတ်ကြားသည့်သဘောဖြင့် ''ခွိက်လးဖ္ဘာံင်း'' ခေါ် ''လက်ဖက်ထုပ်ကမ်းခြင်း'' ဟု ဆိုအပ်သော ကွမ်းယာထုပ်များကို ပေးပို့ကမ်းလှမ်းရလေသည်။ အခြားရွာမှ အပျိုလူပျိုများသည် ကွမ်းယာထုပ်ရရှိလျှင် သြပွဲရှိကြောင်း သိရှိကြရလေသည်။

ခွိုက်လားဖာဘွန်း ခေါ် လက်ဖက်ထုပ်ကမ်းရာတွင် ပစ္စည်းအရာဝတ္ထုတို့ဖြင့် သင်္ကေတပြုသည်။ မီးသွေးခဲကိုထုပ်၍ ဖိတ်ကြားလျှင် မဖြစ်ဖြစ်အောင်လာရောက်ရန် ဆိုလိုသည်။ ဆေးရွက်ကိုထုပ်၍ ဖိတ်ကြားလျှင် အုပ်အုပ်ကျွပ်ကျွပ် လာနိုင်ကြောင်းကိုဆိုလိုသည်။ ထုံးကိုထုပ်၍ပို့လျှင် သြပွဲတွင် လက်ဝှေ့ရေးပြနိုင်ကြောင်း ဆိုလိုသည်။ ငရုပ်သီးကိုထုပ်၍ ဖိတ်ကြားလျှင် အမြန်လာရောက်ရန် ဖိတ်ခေါ်သည့် သဘောဖြစ်သည်။ မရမ်းရွက်ကိုထုပ်၍ပို့လျှင် အေးအေးချမ်းချမ်း၊ ညီညီညွတ်ညွတ်လာရန် သဘောဖြစ်သည်။ ဖွဲနုထုပ်၍ပို့လျှင် သြပွဲသို့ ပျော်ရွှင်ချမ်းမြှေ့စွာ လာရောက်ရန်ဖြစ်သည်။ သရက်ရွက်ကိုထုပ်၍ ဖိတ်ကြားလျှင် သြပွဲတွင် စောင့်နေသည် ဆိုလိုသည်။

ရပ်ဝေးမှ အပျိုလူပျိုများ သြပွဲကျင်းပရာသို့ ရောက်ရှိသည့်အခါ ချက်ချင်းမ၀င်ရောက်သေးဘဲ အပြင်တွင် ကိုယ့်အုပ်စုနှင့်ကိုယ် ရပ်စောင့်နေကြသည်။ ရွာခံအပျိုလူပျိုတို့က ထွက်ကြိုပြီး အမျိုးသမီးပျိုများက ရွာခံအပျိုများနှင့်အတူ မီးအလင်းရောင်ရှိရာသို့ သွားရောက်၍ စီတန်းထိုင်ကြသည်။ လူပျိုကာလသားတို့ကိုလည်း ရွာခံကာလသားများ သွားရောက်ခေါ်ဆောင်လာပြီး လက်ဝှေ့ရေး ၀င်ရောက်ပြကြသည်။

ရပ်ဝေးမှရောက်လာသော လူပျိုကာလသားများသည် လက်ဝှေ့ရေးဝင်ပြရာတွင် ဆိုင်းချက်ညီညီနှင့် အင်္ကျီချွတ် ခါးတောင်းကျိုက်ပြီး အပျိုစင်များရှေ့တွင် ယောက်ျားပီသကြောင်း တစ်ယောက်ပြီးတစ်ယောက် လက်ဝှေ့ဝင်ရောက်ပြကြသည်။ တန်းစီထိုင်နေသူ အမျိုးသမီးပျိုတို့က ကြည့်ရှု၍ အကဲခတ်ကြသည်။ ကိုယ်ခန္ဓာပြည့်ဖြိုးပြီး ယောက်ျားပီသသူတို့ကို ၀ိုင်းဝန်းကြည့်ရှု၍ မျက်စိကစားနေကြသည်။ ရှေးကရင်အမျိုးသားများ ဆေးမှင်ကြောင်များ၊ ထိုးကွင်းများကို မထိုးမဖြစ်ထိုးကြခြင်းမှာ ယောက်ျားပီသကြောင်း ရည်ရွယ်ခြင်းဖြစ်သည်။

ကိုယ်ခန္ဓာကြံ့ခိုင်၍ ယောက်ျားပီသသော်လည်း သြပွဲတွင် လက်ဝှေ့ရေး ၀င်ပြခွင့်မရှိသော လူပျိုများလည်းရှိသည်။ ထိုသူတို့မှာ အချို့က ရည်းစားထားရှိပြီး တကယ်တမ်း လက်ထပ်ရန် လူသိရှင်ကြား ကြေငြာထားသူများ တချို့မှာ တကယ်တမ်း လက်ထပ်မည် ကတိပြုပြီး ချစ်သူရည်းစားထံမှ ကတိသစ္စာအဖြစ် စောင်ဖြူလက်ဆောင် ရထားပြီးဖြစ်သော်လည်း ရည်းစားက အခြားတစ်ဦးနှင့် လက်ထပ်သွားသူများဖြစ်သည်။ (ဖႜုံမူးဏင်မိက်တာ) ချစ်သူကစွန့်ထားသူ ဟူ၍ ၀ိုင်းဝန်းလှောင်ပြောင်ကြသည်။

ဤသည်ကို မခံမရပ်နိုင်သူ လူပျိုအချို့က တစ်ချိန်က ချစ်သူပေးထားသော စောင်ဖြူကို အပျိုစင်များရှေ့တွင် မီးပုံထဲထည့်ပြီး မီးရှို့လိုက်သည်။ ထိုသို့ပြုခြင်းမှာ မိမိမှာရည်းစားမရှိတော့ဘဲ လူပျိုအဖြစ်ရှိနေကြောင်း ကြေငြာသော သဘောဖြစ်သည်။ (မှတ်ချက်။ ။ရှေးကရင် လူပျိုအပျိုများသည် ချစ်သူဘ၀အဖြစ် သုံးနှစ်သုံးမိုး အချိန်ယူပြီးမှ လက်ထပ်လေ့ရှိသည်။ လက်ထပ်မည့်အရေးကို နှစ်ဦးသဘောတူသည့်အခါ စောင်ဖြူကို သစ္စာကတိအဖြစ် အချင်းချင်း လက်ဆောင် လဲလှယ်ထားလေ့ရှိသည်။)

စင်စစ်အားဖြင့် သြပွဲတွင် လက်ဝှေ့ရေးပြခြင်းမှာ အော်ပွဲ၏ နိဒါန်းအစပျိုးခြင်းဖြစ်သည်။ ယောက်ျားတို့၏ ကိုယ်ခန္ဓာကြံ့ခိုင်ပြည့်ဖြိုး၍ တင့်တယ်ခြင်း၊ ကျန်းမာသန်စွမ်းခြင်းကို အပျိုစင်တို့က ကြည့်ရှုမှတ်သားထားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ တနည်းမှာ လူပျိုကာလသားများကို အမျိုးသမီးများက အကဲခတ်ခွင့် ပေးထားခြင်းဖြစ်သည်။ လက်ဝှေ့ရေးပြ၍ပြီးလျှင် အပျိုစင်များ ချောမချော လှမလှကို လူပျိုတို့က ကြည့်ရှုအကဲခတ်ခွင့်အလှည့် ရောက်လာသည်။ ထိုအခါ မိမိတို့အ၀တ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ပြီး တန်းစီထိုင်နေသော အပျိုစင်များရှေ့တွင် နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ စသည်ဖြင့် လူးလာလျှောက်၍ ကြည့်ရှုလေသည်။

သြပွဲကျင်းပရာတွင် ကွင်းအလယ်၌ ထင်းများစုပုံပြီး မီးလင်းဖိုကြီးများ ဖိုထားလေသည်။ မီးလင်းဖိုနှင့် ခပ်လှမ်းလှမ်း တစ်နေရာတွင် နှဲ၊ လင်းကွင်း၊ ပတ်မ၊ ဗုံများနှင့် တီးမှုတ်ပေးလေသည်။ အမျိုးသမီးပျိုများသည် အမျိုးသားလူပျိုများကို ငံ့လင့်နေသည့်သဘောဖြင့် မီးပုံဘေးနားတွင် တန်းစီ၍ နှစ်ယောက်တစ်တွဲ၊ အချို့သုံးယောက်တစ်တွဲ ထိုင်နေကြသည်။ လူပျိုကာလသားများက အပျိုစင်များ ချောမချော လှမလှကို လူပျိုတို့က ကြည့်ရှုအကဲခတ်ကြသည်။

ထိုသို့ ခေါက်တုန့်ခေါက်ပြန် တွဲလျှောက်ပြီး မိမိသဘောကြသောအတွဲ သို့မဟုတ် ဧည့်သည်အမျိုးသမီးပျိုရှေ့တွင် ထိုင်ချပြီး မိတ်ဆက်စကား ဆိုလေသည်။ မိတ်ဆက်စကားဆိုရာတွင် အမျိုးသမီးအမည်၊ နေရပ်များကိုမေးမြန်းခြင်း၊ မိမိအမည်နေရပ်ကို ပြောဆိုဖြေကြားခြင်းကို ပြုကြသည်။ ဤသို့ မိတ်ဆက်စကားပြောခြင်းကို ကရင့်အခေါ်အားဖြင့် (ခႜါင်ကုဦ ) ခလိုင်ကွေ (သို့မဟုတ်) (လ၀်ဏီၟလ၀်ကုဦ) လော်နင်းလော်ကွေ မိတ်ဆက်စကားဆိုခြင်း သြပွဲတွဲဆိုရန် စကားဦးသန်းခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် မိတ်ဖွဲ့စကား စစ်ထိုးခြင်းဟူ၍လည်း ခေါ်ဆိုနိုင်ပါသည်။

(ဟှေး....လိက်သိင့်ဖေါဟ် ယူဆ်ုဖိုဝ်ဖင့် အင်းဃှူ့သိင်းထါင်မ်ုဆံင်လင်) သိန်းငှက်ကလေးဟာ ကောင်းကင်ယံတွင်ပျံဝဲလျက် ရှိနေပါသည်။ သိန်းငှက်ကလေးခိုနားလို၍ သစ်ကိုင်းကို ရှာနေပါသည်ဟူသော အဓိပ္ပာယ်သီချင်းဖြင့် သီဆိုလေသည်။

ပျိုမေတို့က မိမိတို့ကြိုက်နှစ်သက်သော မောင်လူပျိုတို့အတွက် ရွေးချယ်ပြီး သိန်းငှက်ကလေး လာရောက်ခိုနားနိုင်ကြောင်း တေးသီချင်းဖြင့် တုန့်ပြန်ဖိတ်ခေါ်လေသည်။ မိမိတို့ ကြိုက်နှစ်သက်ခြင်းမရှိသော လူပျိုမောင် အတွဲဖြစ်ပါက ဖိတ်ခေါ်ခြင်းမပြုဘဲ နေလိုက်ကြသည်။

(ဟှေး...လိက်သိင့်ဖေါဟ်ယူဆ်ုဖိုဝ်ဖင့် သာအေအှ်ဟှယ့်ဆံင်လင်) ဝေဟင်မှလေပြင်းစီး၍ ပျံသန်းနေသော သိန်းငှက်မောင်ရယ် ခိုနားလိုသောန္ဒရှိမယ်ဆိုပါက လာရောက်ခိုနားနိုင်ပါတယ် ဟူ၍ဖိတ်ခေါ်လေသည်။ ထိုအခါ လူပျိုမောင်အတွဲက ပျိုမေတို့ ရှေ့တည့်တည့်တွင် လေးပေခန့်အကွာ၌ ထိုင်ချကြသည်။

ထိုအခါ လူပျိုမောင်တို့အတွဲက မိမိတို့အတွဲကို ဖိတ်ခေါ်ခြင်းဟုတ်မဟုတ် မှားယွင်းနေခြင်းများ ဖြစ်လေသလား သေချာအောင် တေးသီချင်းဖြင့် တစ်ကျော့မေးမြန်းပြန်လေသည်။ ပျိုမေတို့ကလည်း အတွဲမမှားကြောင်း ယခုရှေ့မှောက်မှာ ပျံဝဲနေသောအတွဲဖြစ်ကြောင်း ပျိုမေတို့ကမိမိတို့အတွဲရှေ့တွင် လာရောက်တေးကျူးနေသော လူပျိုမောင်တို့အတွဲကို ကြိုက်နှစ်သက်ပြီး တကယ်တမ်းလည်း လက်ဝှေ့ရေးပြစဉ်က ရည်မှန်းထားသူဖြစ်ပါက တေးဖြင့်ပြန်၍ တုံ့ပြန်ဖိတ်ခေါ်လေသည်။ သေချာပြီရှိသောအခါ လူပျိုမောင်အတွဲတို့က ပျိုမေတို့အတွဲရှေ့တွင် လာရောက်ပြီး နှုတ်ဖြင့်ထိုင်ခွင့်ပြုပါရန် တောင်းခံ၍ ပျိုမေတို့ကလည်း ကြိုဆိုနေပါတယ် ထိုင်ပါဟူ၍ ပြန်လည်လောကွတ်ပြုသည်။

ခလိုင်ကွေ ခေါ် မိတ်ဆက်စကားဆိုခြင်းကို တစ်နေရာပြီးတစ်နေရာ ထိုင်ချမိတ်ဆက်ရာတွင် ရိုးရိုးစကားဖြင့် ဆိုခြင်းရှိသလို စကားထာ၊ တေးလင်္ကာတို့ဖြင့် ကျွမ်းကျင်သလို ထေ့ခြင်း၊ ငေါ့ခြင်းလည်း ရှိပေသည်။ စင်စစ် ခလိုင်ကွေကို တေးကဗျာ၊ လင်္ကာကျွမ်းကျင်ခြင်း၏ နှုတ်ရေးယှဉ်ပြိုင်ခြင်းပင်ဖြစ်သည်ဟု ယူဆရပေမည်။

ယောက်ျား လူပျိုမောင်တို့၏ ကာယဖွံ့ထွား ကြံ့ခိုင်မှုကို လက်ဝှေ့ရေးပြစဉ်က မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ သို့ရာတွင် တေးသီချင်း၊ လင်္ကာ၊ အတွေးအခေါ်၊ ဉာဏ်ပညာပြည့်ဝခြင်း ရှိမရှိကို သိရှိနိုင်ရန် တေးကဗျာ၊ လင်္ကာဖြစ်သော တေးသီချင်း သီကုံးစပ်ဆိုခြင်းဖြင့် လူပျိုမောင်တို့အား အရည်အသွေးကို စမ်းသပ်ကြသည်။ သြပွဲမှအစပြု၍ ယောက်ျားတို့၏ ကာယစွမ်းရည် ဉာဏ်စွမ်းအား ပြည့်စုံမှုတို့ကို စိစစ်ပြီး ဘ၀ကြင်ဖော်အဖြစ် ရွေးချယ်ဖြစ်သွားကြသူ အများအပြား ရှိသည်။

သြပွဲကို အစဉ်အလာမပျက် ကျင်းပလေ့ရှိသော်လည်း မိုးစင်စင်လင်းသည်အထိ သီဆိုခြင်းမပြုဘဲ ညသန်းခေါင်အချိန်ထိသာဖြစ်ပြီး မနက်လေးနာရီခန့်မှာပင် ရပ်နားလေ့ရှိသည်။ ရွာခံလူပျိုကာလသားတို့က သြပွဲသီချင်းစတင်ရန် အချိန်တန်ပြီဖြစ်၍ မိတ်ဆက်စကားဆိုခြင်းကို ရပ်ဆိုင်းရန် တေးသီချင်းဆို၍ အချက်ပေးလေသည်။

(ဟှေး...ယှးဖါဍောဟ် လင်နုက်ခွိက်ဝေ့၊ ႓ႜယ္ဍၚယာ လ၀္ဏီၟလ၀္ကုဦ) အချိန်အားဖြင့် ကြယ်ကြီးပင်
အနောက်ကျွန်းသို့ ယွန်းရှာလေပြီး။ ဤမျှအချိန်ထိ (လော်နင်းလော်ကွေ) မိတ်ဆက်စကားဆိုမှုကို ရပ်ဆိုင်းချိန်တန်ပြီးဟူ၍ ဖြစ်သည်။

(ဟှေး ...ယှးက်ုဆင့်္ဘိုဝ်ထင်းအ်ုမႜံင်၊ ဖ်ုယာၟသ လ၀်ဏီၟလ၀်ယှံင်) ခုနှစ်စင်ကြယ်ပင် အမြီးထောင်၍ နေချေပြီ။ ဒီအချိန်မှစ၍ မိတ်ဆက်သမပြုခြင်းကို ဖြတ်လိုက်ကြစို့။

(ဟှေး...ဆ်ုယိုဝ် မ်ုဖင်ထင်းဝေ့ ပ်ုထုက်သ လ၀်ဏီလ၀်ကုဦ) အချိန်အားဖြင့် မိုးသောက်ရောင်ခြည်ပင် သမ်းလုနေပါပြီ။ (လော်နင်းလော်ကွေ) မိတ်ဆက်စကား ပြောဆိုခြင်းမှ ရုပ်သိမ်းကြပါစို့။

အထက်ပါအတိုင်း သတိပေးသြသံကို လူပျိုနှစ်ဦး သို့မဟုတ် အပျိုနှစ်ဦးက ခပ်လှမ်းလှမ်းမှနေ၍ နှစ်ခါသုံးခါ သီဆိုသတိပေးလိုက်သော် မိတ့်ဖွဲ့စကားပြောရာတွင် လေရှည်နေကြသော လူပျိုများသည် အလိုက်တသိပင် ထသွားကြတော့သည်။ စီတန်းထိုင်နေကြသော အပျိုတို့သည်လည်း ဆယိုမိုး ခေါ် သြသံသီဆိုရန် နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲထိုင်၍ ဟန်ပြင်နေကြတော့သည်။

ထိုသို့ ရွာခံလူပျိုများက တစ်တွဲပြီးတစ်တွဲ တစ်ကျော့ပြီးတစ်ကျော့ သတိပေးတေးသီခြင်းဖြင့် အသိပေး အချက်ပြခြင်းပြုပြီးနောက် လူပျိုများက နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲဖြင့် ကိုယ့်အတွဲနှင့်ကိုယ် မိမိကြိုက်နှစ်သက်သော ပျိုမေများရှေ့ ကိုးတောင်ကွာ၊ ဆယ်တောင်ကွာတွင် ပုဝါဖြူ (သို့မဟုတ်) စောင်ဖြူ၊ လက်ကိုင်ပုဝါတို့ဖြင့် လက်တစ်ဖက်စီကိုင်ထားလျက် မျက်နှာကိုကွယ်ထားပြီး တေးသီချင်းဖြင့် ဆက်သွယ်ကျူးရင့်လာကြသည်။

တေးသီချင်း သီဆိုရန်အစတွင် အချင်းချင်း အမည်၊ နေရပ်၊ စသည်များကို တေးသီချင်းဖြင့် အပြန်အလှန် သီဆိုမေးမြန်းကြသည်။ ထိုအချိန်တွင် ရွာခံကာလသား၊ ကာလသမီးတို့က ဆေးလိပ်၊ ကွမ်း၊ ကောက်ညှင်းပေါင်း၊ကောက်ညှင်းထုပ်တို့ဖြင့် ထိုင်နေသော အတွဲများရှေ့တွင် ချပြီး ဧည့်ခံကျွေးမွေးကြသည်။

သြသံသီချင်း အပြန်အလှန်သီဆိုကြရာတွင် ယေဘုယျအားဖြင့် အမျိုးအစားလေးမျိုး ခွဲခြားထားသည်။ ထိုလေးမျိုးအနက် သဘောတူသလို ရွေးချယ်သီဆိုနိုင်သည်။
(၁) ယွေဖူး ဟုခေါ်သော ဉာဏ်စမ်းသဘော သက်ရောက်သော အမေးအဖြေ သီချင်းများ။
(၂) ယွေဖါဒူး ခေါ်ရေမြေတောတောင်အလှကို ဖွဲ့နွဲ့သီဆိုထားသောသီချင်းများ။
(၃) လုံးခိုင်မေး ခေါ်ဘာသာရေးဆိုင်ရာ ဖွဲ့နွဲ့ထားသော သီချင်းများနှင့်
(၄) ဗုဒ္ဓ၀င်ဆိုင်ရာ သီချင်းများပင် ဖြစ်ကြပါသည်။

အထက်ပါ သီချင်းလေးမျိုးကို စတင်သီဆိုခြင်းမပြုမီ မည်သည့်အမျိုးအစား ယှဉ်ပြိုင်၍ သီဆိုလိုကြောင်း သြသံဖြင့် သီဆိုမေးမြန်းကြရသည်။ နှစ်ဦးနှစ်ဘက် ပိုင်နိုင်မည်ထင်သော သီချင်းသွားတစ်မျိုးမျိုးကိုရွေး၍ စတင်သီဆိုကြရမှာဖြစ်သည်။ တစ်ဘက်က သီဆိုမေးမြန်းသော စကားထာ၊ စကားဝှက် အစချီသော သြသံသီချင်းကို တစ်ဘက်က စကားထာ၊ စကားဝှက်ဖြင့် ပြန်လည်ဖြေကြားရသည်။ တစ်ခါတစ်ရံ သြသီချင်းသီဆိုရာတွင် ၀ါရင့်၍ ကျွမ်းကျင်သူက ၀င်္က၀ုတ္တိအင်္လကာမြောက်အောင် ဖွဲ့နွဲ့လှည့်ပတ် သီဆိုသောအခါများတွင် တစ်ဖက်က နားမလည်၍ ပြန်ဖြေမတတ်အောင် ရှိတတ်သည်။

သြသီချင်းများဆိုလျှင် အမေးအဖြေတိကျ၍ မှန်ကန်ရပေမည်။ ထွင်၍ဆိုခြင်း၊ ရမ်းသမ်းဖြီးဖြန်းခြင်းမရချေ။ အချို့က အမေးသီချင်းကို မဖြေနိုင်ပါက အနီးအနားတွင် လာရောက်နားထောင်သူတို့ထံမှ တတ်မြောက်သူတို့က ကူ၍ပြောပြသင်ပေးနေသည်။ သြသီချင်းသီဆိုသော ပွဲတို့တွင် ပရိတ်သတ်များ၊ အဘိုးအဘွားများမှာ စည်စည်ကားကား လာရောက်နားထောင်တတ်ကြသည်။ အချို့ သြသီချင်ကြီး ကျွမ်းကျင်သူတို့က ဘေးနားကူသင်ပြခြင်းကို လက်မခံစတမ်း ဆုံးဖြတ်ပြီး သူနိုင်ကိုယ်နိုင်သီဆိုကြလေသည်။

ထိုအခါမျိုးတွင် ကရင့်သြပွဲမှာ လူပျိုအပျိုများ မိတ်ဆက်ခြင်း ချစ်ရေးဆို ဖူးစာရွေးခြင်းအသွင် မဆောင်တော့ချေ။ ကဗျာ၊ လင်္ကာ၊ တေးသီချင်းတတ်ကျွမ်းမှု နှုတ်မှုပြိုင်ခြင်းသို့ ကူးသွားလေသည်။ အချို့ပွဲမှာ မိုးစင်စင်လင်းသော်လည်း အရှုံးအနိုင်မပေးကြ၍ ယိုင်ပတ်ကာ သီဆိုနေကြသည်။ ထိုသို့ သီဆိုနိုင်သူတို့အား ပွဲဒကာများ၊ လူကြီးများက အလံစိုက်၍ ဆုများ ချီးမြှင့်လေသည်။

ရှေးအခါက သြပွဲတွင် လက်ဝှေ့ရေးပြခြင်း ကာယကြံ့ခိုင်မှု၊ ကျန်းမာသန်စွမ်းမှုကို အကဲခတ်လေ့ရှိသော်လည်း ကိုလိုနီခေတ်ကျရောက်ပြီးသည့် နောက်ပိုင်းတွင် လက်ဝှေ့ရေးပြခြင်းမှာ တဖြေးဖြေးတိမ်ကောလာပြီး ယခုအချိန်တွင် လက်ဝှေ့ရေးပြခြင်းမှာ လုံးဝနီးပါးမရှိတော့ချေ။ သြပွဲစလျှင်စချင်း ခလိုင်ကွေမှ စတင်ကြလေသည်။ သို့ရာတွင် အခေါ်အဝေါ် သုံးနှုန်းမှုနှင့်ပတ်သက်၍ ဆအိုင်လောင် လက်ဝှေ့ရေးပြခြင်းကိုသာ သုံးစွဲနေဆဲရှိသေးသည်။

ကရင်သြပွဲသည် အပျိုလူပျိုတို့၏ မိတ်ဆက်ပွဲ၊ ချစ်ရေးဆို ဖူးစာရွေးပွဲ ဖြစ်သည့်အလျောက် အချို့မှာ သြပွဲတွင် သီချင်းသီဆို မိတ့်ဖွဲ့ရာမှ အစပြု၍ အသိမိတ်ဆွေ ဖြစ်လာကြပြီး ထိုမှ ချစ်သူဘ၀ကူးပြောင်းကာ ဘ၀ကြင်ဖော်အဖြစ် ခရီးဆက်သွားသူများလည်း ရှိကြပေသည်။ မျက်မှောက်ခေတ်တွင် သြပွဲကျင်းပခြင်းမှာ အနည်းအကျဉ်းသာ ရှိတော့သည်။ အချို့ဒေသများတွင် လုံးလုံးပျောက်ကွယ်လျက် ရှိနေ၏။ အချို့သောဒေသများတွင် သြပွဲကို အစဉ်အလာမပျက် ကျင်းပပြုလုပ်လျက်ရှိသော်လည်း ရှေးယခင်က ခေတ်စားခဲ့သော သီချင်းကြီးများကို လုံးဝသီဆိုတေးဖွဲ့နိုင်ခြင်း မရှိတော့ချေ။ ယွေးဖူး ခေါ် မောင်မယ်ဘွဲ့သီချင်းကိုသာ အများအားဖြင့် တေးဖွဲ့သီဆိုနိုင်ကြတော့သည်။

မည်သို့ပင်ဖြစ်စေ အရိုးကို အရွက်ဖုံးပါက အမြစ်ပါပြုပ် ပင်စည်ပါချုပ်ငြိမ်း၍ ရိုးရာဓလေ့ အစဉ်အလာတစ်ရပ်ကို မတိမ်ကော မပျောက်ပျက်စေရန် နှောင်းခေတ် ကရင်လူငယ်တို့က ဆက်လက်ထိန်းသိမ်း သင့်ပေသည်။

(မှတ်ချက်။ ။ဓာတ်ပုံနှင့် ကရင့်ရိုးရာဓလေ့ သြပွဲအကြောင်း ပို့ပေးတဲ့ ကိုဆုတောင်း (ကိုးရီးယား) အား အရမ်းအရမ်းကိုဘဲ ကျေးဇူးတင်ပါတယ်။)

No comments: