အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ဖေဖော်ဝါရီလကုန်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။ လက်ပံတောင်းတောင် စီမံကိန်း ဆန့်ကျင် ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းခဲ့မှုတွင် စစ်မြေပြင်၌ အသုံးပြုသော ဖော့စ်ဖရပ်အဖြူ (မီးစုန်းဖြူ) ပါဝင်သော လက်ပစ်ဗုံးများ အသုံးပြုထားသည်ဟု ယင်းကိစ္စရပ်ကိုစုံစမ်းစစ်ဆေးနေသည့် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။
မြန်မာ့ရှေ့နေကွန်ရက်နှင့် အမေရိကန် လူ့အခွင့်အရေး စောင့်ကြည့်မှု ရှေ့နေများက အကြမ်းဖက် ဖြိုခွင်းခံရသော နယ်မြေအတွင်းရှိ ပစ္စည်းအချို့ကို စုဆောင်း၍ ဘန်ကောက်မြို့ရှိ ပုဂ္ဂလိကဓာတ်ခွဲခန်းသို့ ယူဆောင်စစ်ဆေးရာ အဆိုပါပစ္စည်း အပိုင်းအစများတွင် ဖော့စ်ဖရပ်အဖြူ (မီးစုန်းဖြူ) ပမာဏ များပြားနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း အဆိုပါသတင်းတွင် ကိုးကား ဖော်ပြထားသည်။
တရုတ်ကုမ္ပဏီ ဝမ်ပေါင်နှင့် မြန်မာအစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့၏ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ကန့်ကွက် ဆန္ဒဖော်ထုတ် သော မုံရွာ၊ ပခုက္ကူ၊ မန္တလေးတို့မှ သံဃာအပါး ၅၀၀ နှင့် လူပုဂ္ဂိုလ် ၂၀၀ ကျော်တို့ကို ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့် နံနက်စောစော ၂ နာရီခန့်တွင် အင်အားသုံး ဖြိုခွင်းခဲ့ရာ သံဃာအပါး ၁၀၀ ကျော်နှင့် လူပုဂ္ဂိုလ် ၂၀ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
မီးစုန်းဖြူ လက်နက်များကို ၁၉၁၆ ခုနှစ်တွင် ဗြိတိန်တပ်မတော်က စတင်ထုတ်လုပ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြသည်။ အဆိုပါ လက်နက်ကို အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်အရ တားမြစ်ထားခဲ့သော်လည်း အမေရိကန် ပြည်ထောင်စုသည် အီရတ် သောင်းကျန်းသူများကို နှိမ်နင်းရန် ၂၀၀၅ ခုနှစ် နိုဝင်ဘာလအထိ အသုံးပြုခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။
မီးစုန်းဖြူ လက်နက်၏ သဘာဝမှာ မီးခိုး အမြောက်အမြားထွက်၍ လေထဲတွင် ပို၍ ပေါက်ကွဲ လောင်ကျွမ်းစေတတ်ပြီး ယင်းဓာတ်ငွေ့ ထိခံရသူ လူ သို့မဟုတ် အရာဝတ္ထု တစ်ခုခုပေါ်သို့ လေထိလျှင် ထိသလို ဓာတ်ငွေ့မကုန်မချင်း လောင်ကျွမ်းတတ်သော သဘာဝရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်သိရှိရပါသည်။
ခေတ်သတင်း
Credit to : Myanmar Daily News
No comments:
Post a Comment