နေ့ သစ်သတင်းစာမျက်နှာမှ
ကျနော်ရန်ကုန်ရောက်တော့ ကျနော် ကြီးပြင်းခဲ့တဲ့ရပ်ကွက် ကိုသွားကြည့်တယ်။ ရပ်ကွက်က သင်္ဃန်းကျွန်း မိကျောင်း ကန် အပိုင်း ၁ ရပ်ကွက်။ ၁၉၉၁ ခုနှစ်မှာ ကျနော်တို့ ရပ်ကွက်ကို ဦးသန်းရွှေ အစိုးရလက်ထက်မှာ သိမ်းဆည်းသွား တယ်။
ကျနော်တို့ကို ကျူးကျော်သူတွေလို့ သတ်မှတ်ခဲ့တယ်။ ရပ်ကွက်ကို အမြန်ဖျက်ကြဖို့ နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့ကြတယ်။ အ နိုင်ကျင့်ခဲ့ကြတယ်။ လူတွေပထမတော့ တောင့်ခံသေးတယ်။ နောက်တော့ တယောက်ချင်းရွေ့ပေးခဲ့ကြရတယ်။ အဖေ နဲ့ နိုင်ချစ်သောင်းတို့ နှစ်အိမ် သုံးအိမ်ပဲကျန်တော့တယ်။ ဘယ်သူမှမရှိတော့ဘူး။ နောက်တော့ ဘူဆိုဇာတွေနဲ့ လာထိုး တော့မှာ ကျနော့်အဖေနဲ့ နိုင်ချစ်သောင် (မွန်) ကိုစိုးမင်း(ရခိုင်) တို့ဟာ လက်လျော့ပေးလိုက်ကြရတယ်။
၁၉၇၀ ခုနစ်ခန့်မှာ အဖေဟာ အိမ်ကို ပျဉ်းကတိုးခြောက်ပတ်လည်တွေနဲ့ဆောက်ခဲတယ်။ အိမ်က ရပ်ကွက်ထဲမှာ အမြင့် ဆုံးပါ။ အကြီးဆုံးအိမ်ကြီးပါ။ အိမ်ပေါ်ကနေ ရွှေတိဂုံဘုရားကိုမြင်ရပါတယ်။ သိပ်လှပါတယ်။ ပျဉ်းကတိုးရှာထိုးတွေ ခင်း ထားတဲ့အတွက် အေးတယ်။ မြန်မာတွေက ကျွန်းကိုမကြိုက်ကြဘူး ကျွန်းကပူတယ်လို့ ကျနော်အဖိုးပြောတယ်။ ပျဉ်းက တိုးကအေးတယ်။
ဒီအိမ်ကြီးကိုဖျက်တော့ အိမ်မှာ အရွယ်ရောက်ယောက်ကျားလေးတွေ မရှိတော့ဘူး။ ကျနော်က တောထဲမှာ ကျန်ညီအ ကိုများက နိုင်ငံခြားကိုရောက်ကုန်ပြီ။ ဒီတော့အဖေနဲ့ အမတွေ ကိုယ်အိမ်ကိုကိုယ် ဖျက်ကြတယ်။ အဖေ တော်တော်ပင် ပန်းသွားတယ်လို့ ပြောတယ်။ ကိစ္စပြီးလို့ လအကြာမှ ဆုံးသွားတယ်။ ဒီအိမ်တလုံးဝယ်နိုင်ဖို့အတွက် သူ စစ်တပ်ထဲမှာ ၂၅ နှစ် အမှုထမ်းခဲ့ရတယ်။ ၁၉၆၇ ခုနစ်လောက်မှာ မြေကွက်ကို ၃ ထောက်ကျပ်နဲ့ ၀ယ်ခဲ့တာ။ ပင်စင်ရောင်းပြီး ၀ယ် လိုက်တာလို့ ဆိုတယ်။ သူဝင်ခဲ့တဲ့ တပ်က သူ့မြေကို သိမ်းခဲ့ပြီလေ။
ဒီမြေကွက်လပ်ကို အလွမ်းပြေသွားကြည့်ဖို့ ကျနော့်ရဲဘော်တွေနဲ့ ညနေစောင်းမှာထွက်လာခဲ့တယ်။ သူတို့ကားလေးနဲ့ ကျနော်တို့ ထွက်လာတယ်။ နေရာကို ကျနော်မမှတ်မိတော့ဘူး။ ကားတစီးနဲ့ တ၀ဲလည်လည်ဖြစ်နေတယ်။ နောက်က လိုက်လာတဲ့ ထောက်လှမ်းရေးရဲဘော်တွေက မနေနိုင်တော့ဘူးထင်ပါတယ်။ အကိုကြီး ဘယ်သွားမလို့လဲလို့ မေးလာ တော့မှ ကျနော်တို့ရပ်ကွက်ကို ရှာနေတာလို့ပြောတော့ သူတို့နောက်ကလိုက်ခဲ့တယ်။
သူတို့လိုက်ပြတယ်။ ကျနော်တို့ နေရာကို မနည်းရှာယူတယ်။ ကျနော် မမှတ်မိတော့ဘူး။ ၂၄ နှစ်အတွင်းမှာ အတော် ပြောင်းလဲသွားတယ်။ ကျနော် စားခဲ့တဲ့ ခါတော်မီ မုန့်ဟင်းခါးဆိုင်၊ မအုန်းဘိန်းမုန့်ဆိုင် ၊ ကိုကျော်မြ လ္ဘက်ရည်ဆိုင်၊ ဦးရခိုင်ကြီး ဆံပင်ညှပ်ဆိုင် မရှိတော့ဘူး။ ကျနော်တို့ ကျော်စိုးတို့ ဘောကန်ခဲ့တဲ့ကွင်းလေးက ဘယ်နေရာရောက်မှန်း မသိတော့ဘူး။
ကျနော်အိမ်မြေကွက်က ဝေဇယန္တာလမ်းမကြီးနဲ့ ပြည်သာယာလမ်းမထောင့်က အိမ်ဆိုတော့ကျနော် မှန်းလို့ရလာတယ်။ သေချာသွားတာကတော့ ကျနော်တူးခဲ့တဲ့ ရေတွင်းလေးကို တွေ့ရတာပါပဲ။ ကျနော့် မိတ်ဆွေတွေမရှိတော့ဘဲ ကျနော် တူးခဲ့တဲ့ရေတွင်းလေးကိုပဲ ကွက်လပ်ထဲမှာတွေ့ရတယ်။
ပတ်ပတ်လည်က စိုက်ခင်းတွေလုပ်ထားတယ်။ စိုက်ခင်းဆိုတာကလဲ ဖြစ်ဖြစ်မြောက်မြောက် လုပ်ထားတဲ့ စိုက်ခင်းမျိုး မဟုတ်ဘူး။ တယောက်ယောက်က စိုက်ထားပုံပါ။ စိုက်ခင်းအတွက် ကျနော်တူးထားတဲ့ ရေတွင်းလေးကရေကို သုံးနေ တာကို တွေ့ရတယ်။
ကျနော့်ရဲဘော်က ဒီနေရာလားလို့ ကျနော့်ကိုမေးတယ်။ ကျနော်က ဟုတ်တယ်လို့ ပြောတယ်။ အားလုံးက စိုက်ခင်းဖြစ် နေတယ်။ ဦးပြုံးဟုတ်အိမ်၊ ဒေါ်အေးမိတို့အိမ်တွေဖက်ကို လှမ်းကြည့်မိနေတယ်။ ဖုန်းဆိုတောကြီးမျှသာ ဖြစ်နေတယ်။ ကျနော်တို့မြေကွက်လို့ မှတ်မိစေတာကတော့ ဒီနေရာမှာ ရေတွင်းဆိုလိုတတွင်းပဲ ရှိတာကိုး။ အားလုံးက ကျနော်တို့ ရေ တွင်းကို သောက်ရေအတွက် လာခပ်ကြတာမှတ်မိတယ်။ ပါလာတဲ့ ရဲဘော်တွေကို ကျနော်က ဒါ ကိုယ့်အမေအတွက် တူးပေးခဲ့တဲ့ ရေတွင်းပဲလို့ ပြောပြမိတယ်။
ဒီတွင်းကို ကျနော် ၁၈ နှစ်လောက်မှာတူးတာ။ ကျနော်တို့ အိမ်ခေါင်းရင်းမှာတူးတာ။ အိမ်ခေါင်းရင်းက တောင်ကုန်းကြီး။ ကြာခတ်ဝါးရုံပင်ကြီးတွေရှိတယ်။ တယောက်ထဲတူးပြစ်လိုက်တာ ၅ ရက်လောက်ပဲကြာတယ်။ ရေတွေထွက်လာတော့ ကျနော် ပင်ပန်းသမျှပျောက်သွားတယ်။ ရေတွေက စိမ့်ပေါက်လေးတွေက ထွက်လာကြတယ်။ အေးနေတယ်။ ကြည် လင်နေတယ်။ အားပါးတရ ကျနော် ဆက်တူးတယ်။ ရေထွက်အားကသိပ်ကောင်းတော့ ပက်မနိုင်တော့ရပ်လိုက်ရတယ်။ ၁၀ ပေလောက်ရှိမယ်။ အမေက ရေတွင်းတတွင်းထပ်ရတော့ သိပ်ဝမ်းသာနေတယ်။
ကျနော့် ဘ၀တလျောက်လုံးမှာ အမေအတွက် ကျနော် ပေးနိုင်ခဲ့တဲ့လက်ဆောင်ဟာ ဒီရေတွင်းပဲရှိခဲ့တယ်။ အမေက မနက်စောစောထတယ်။ သိမ်းကြီးဈေးမှာဆိုင်မထွက်ခင် ဘုရားရှိခိုးတယ်။ ဘုရားပန်းကပ်တယ်။ ဒါကို မနက်တိုင်း သူ လုပ်လေ့ရှိတယ်။ အိပ်ရာထရင် ဘုရားပန်းလဲရင်း ဓမ္မစကြာကို သူသီချင်းလို ဆိုလေ့ရှိတယ်။
ဘိက္ခုနံ ပဉ္စ၀ဂ္ဂီနံ အိသိပတန နာမကေ မိဂဒါယေ ဓမ္မ ၀ရံ ….
သူ ဓမ္မတေးသွားကို သီဆိုနေတဲ့အသံကို ပြန်ကြားယောင်လာတယ်။
ဓမ္မစကြာထဲက ဓမ္မပါရတွေ တပိုင်းတစစီ ကျနော့်အာရုံထဲကို ပြန်ဝင်လာတယ်။
မြတ်သောဗြဟ္မာမင်းသည်။
သားတို့အားဘေးမဲ့ပေးရာ
မိဂရ၀ုန် တော၌ရှိခြင်းကြောင့် …
အာလလောကော …
ဓမ္မစကြာကိုဆိုရင်.. လူလေးမောင်ဒိန် ထတော့ ကျောင်းသွားတော့လို့နှိုးတာကို ပြန်အမှတ်ရတော့ ကြည်နူးမိလာတယ်။ ပြုံးမိတယ်။
ကျနော်တူးခဲ့တဲ့ရေတွင်းမှာ စိုက်ခင်းလုပ်သားတွေ ရေချိုးနေကြတာကိုတွေ့ရတော့ ပိတီဖြစ်မိတယ်။ ဒီရေတွင်းလေးက အခုထိ အသုံးဝင်နေသေးပါလား။
ဒီရေတွင်းဘောင်ပေါ်မှာ ကျနော် ဂစ်တာတီးခဲ့တဲ့ညတွေ၊
မကြင်နာနိုင်ရင်လဲ အရင်ဆို မစိမ်းနဲ့ ပြုံးပြပါလား မိငယ်..
မနက်မိုးလင်းလို့ ဒီကမ္ဘာဒီလောကကို …. ဖြတ်သန်းသွားခဲ့ဖူးတဲ့ မောင်လိုလူသားတယောက်ဟာ …
ဆိုတဲ့တေးသားဟာ ဆယ်စုနှစ်ထဲက တိတ်တဆိတ်လွှင့်ပျံ့လာတယ်။
ဒီသီချင်းက ဘယ်သူအတွက်လဲ ငါဆိုခဲ့သလဲ…။
အသားညိုညို ပိန်ပိန်၊ မြင့်မြင့်၊ ပြူးကျယ်စွာ ကြည့်နေတဲ့မျက်လုံးများက တေးသားကြိုကြားမှာ စီးမျှောခဲ့တဲ့ ညလေး တွေ။
နွေရာသီမှာ တရပ်ကွက်လုံးက ရေတွင်းတွေရေခန်းသွားလေ့ရှိတယ်။ ဒီအချိန်မှာ သူနဲ့ သူညီမတွေ ကျနော်တို့တွင်းမှာ ရေလာချိုးတယ်။ သောက်ရေခတ်ကြတယ်။ အိမ်က အမတွေနဲ့ သူ ဆူညံစွာပြောဆိုရီမောသံတွေ၊ အနားတိုး ရေအိုးပင့် ပေးစဉ်က သူကျမှ ဆူးဆူးရှရှရှိလှတဲ့ တရော်နဲ့ကင်ပွန်းသီးနှံ လျှို့ဝှက်ထားသော အလှများ။ ရေတွင်းလေးက ဒါတွေကို ကောင်းကောင်း သိမ်းဆည်းထားဆဲပါလား။
ပြန်ခါနီးမှာ ရေတွင်းထဲကို ကျနော် ငုံကြည့်မိတယ်။ ကျနော်အရိပ်တွေကို ပြန်တွေ့မိကြတယ်။ ရေထဲက နုပျိုနေတဲ့ အ တိတ်က အရိပ်၊ တွင်းပေါ်က ရင်ရော်သွားတဲ့ ပစ္စုပ္ပန်၊ ပြုံးပြီးနှုတ်ဆက်မိကြတယ်။ မနေ့တုန်းကလိုပါပဲ။
…………………….
ကိုမိုးသီး လာဗျ၊ ခင်ဗျားရပ်ကွက်ကလူတွေက ခင်ဗျားကို စောင့်နေကြတယ်။ ရဲလင်းက သတိပေးလိုက်တော့မှာ ကျနော် ပြန်သတိဝင်လာတယ်။ သူတို့ မြေကွက်တွေအတွက် ပြန်တောင်းကြဖို့ လက်မှတ်တွေကောက်နေတယ်။ ခင်ဗျားသဘော တူရင် လက်မှတ်ထိုးပေးဖို့ ကျနော်တို့ကို မေးထားတယ်။ ရဲလင်းကပြောလာတယ်။ ကျနော်တို့ ဒဂုံတောင်ဖက်ကို ကား ဆက်မောင်းလာကြတယ်။
ကျနော်တို့ရပ်ကွက်က လူတွေက ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ အတက်ကြွဆုံးပါဝင်ခဲ့ကြတယ်။ သူတို့ အခု မြောက် ဒဂုံကို အရွေ့ခံရတယ်။ ဗွက်တွေထနေတဲ့ ကွင်းကြီးထဲမှာ မြေတကွက်တွေကို ပြန်ဝယ်ယူခဲ့ကြရတယ်လို့ဆိုတယ်။သူတို့ ဆီကို ကျနော်တို့ထွက်လာခဲ့ကြတယ်။ ဒဂုံတောင်ကိုရောက်တော့ ရပ်ကွက်ထဲကလူတွေ စောင့်နေတယ်။ ကျနော် လက် မှတ်ထိုးလိုက်တော့ လက်ခုတ်သံတွေညံသွားတယ်။ ကျနော့်အတွေးကတော့ ရေတွင်းလေးဆီ မှာပျံဝဲနေချင်သေး သပေါ့။
မိုးသီးဇွန်

No comments:
Post a Comment