February 11, 2013

ထိုင်းရောက် တရားမ၀င်အလုပ်သမားနှင့် မှီခိုသူများအတွက် ယာယီပတ်စ်ပို့ ထုတ်ပေးမည်




နန်းမြနဒီ DVB ၂၀၁၃ ဖေဖော်ဝါရီလ ၁၁ ရက် ( တနင်္လာနေ့ )

ထိုင်းနိုင်ငံမှာ ရှိနေတဲ့ တရားမ၀င်အလုပ်သမားတွေနဲ့ သူတို့ကို မှီခိုနေထိုင်တဲ့ သားသမီးတွေအတွက်ပါ မြန်မာအစိုးရက နိုင်ငံသားစိစစ်ရေးနဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေ လုပ်ဆောင်ပေးဖို့ ရှိနေပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်၊ ပထုမ်ဌာနီ၊ စမွတ်ပရကန်၊ မဟာချိုင်၊ လယောင်း၊ ရနောင်း၊ ခွန်ကဲန်၊ ဆူရတ်ဌာနီ၊ မဲဆောက်နဲ့ ကန်ချနပူရီ စတဲ့ ဒေသ ၁၁ ခုမှာ ဆောင်ရွက်ပေးမယ့်အကြောင်းနဲ့ မြန်မာဘက်က ထိုင်းဘတ်ငွေ ၅၅၀ သာ ကောက်ခံမယ့်အကြောင်း အလုပ်သမားညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြီးခဲ့တဲ့အပတ်က ရန်ကုန်မှာကျင်းပတဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံ ညှိနှိုင်းအစည်းအဝေးအပြီး မီဒီယာတွေကို ပြောကြားခဲ့တာပါ။



ကုန်ကျစရိတ်ကို အလုပ်သမားတွေဆီက နည်းနိုင်သမျှနည်းအောင် ကောက်ခံဖို့ ညှိနှိုင်းခဲ့ကြောင်း အလုပ်သမားတွေအနေနဲ့ ထိုင်းဘက်ခြမ်းမှာ ဗီဇာကြေး ဘတ် ၅၀၀၊ စာရွက်စာတမ်းကြေး ဘတ် ၁၀၀၊ အလုပ်လုပ်ခွင့် ပါမစ် တနှစ်စာ ဘတ် ၁၉၀၀၊ ဆေးစစ်ခ ၆၀၀၊ စုစုပေါင်း ဘတ် ၃၁၀၀ ကုန်ကျမယ်လို့ အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်ရှင်၊ အလုပ်သမားနဲ့ အလုပ်သမားအဖွဲ့အစည်းတွေအကြား ပိုမိုသိနားလည်စေဖို့အတွက် နိုင်ငံခြားအလုပ်သမားဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းကျမ်ရုန်းနဲ့အဖွဲ့ဟာ နယ်လှည့်ရှင်းပြနေပြီး ဒီကနေ့မနက်က ချင်းမိုင်မြို့မှာ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အလုပ်သမားအခွင့်အရေး ဆောင်ရွက်နေတဲ့ မက်ပ်ဖောင်ဒေးရှင်းအဖွဲ့ဝင် ခွန်ဟတ်ထိုင်းရတ်က ပြောပါတယ်။

ရှင်းလင်းပွဲမှာ အလုပ်သမားမှတ်ပုံတင်ရေး လုပ်ငန်းစဉ်အပြင် အလုပ်ရှင်၊ ဌာနဆိုင်ရာနဲ့ အလုပ်သမား ကိုယ်စားလှယ် သုံးပွင့်ဆိုင်ဆွေးနွေးပြီး လုပ်ငန်းစဉ်မှာ ကြုံတွေ့ဖွယ်ရှိတဲ့ အခက်အခဲတွေကို မေးမြန်းဖြေကြားခဲ့ပါတယ်။

“အထူးသဖြင့် နိုင်ငံသားစိစစ်ရေး၊ နိုင်ငံကူးလက်မှတ်ပြုလုပ်ရေး လုပ်ငန်းစဉ်မှာ ကုမ္ပဏီတွေကနေတဆင့် ဆောင်ရွက်ရတဲ့အတွက် သတ်မှတ်ဈေးနှုန်းထက် ၂ ဆ၊ ၃ ဆ ပိုကုန်ကျတဲ့ပြဿနာ၊ လုပ်ငန်းစဉ်ရဲ့ ရှုပ်ထွေးမှု၊ မြန်မာစာမတတ်တဲ့ တိုင်းရင်းသား အလုပ်သမားတွေရဲ့ ဖောင်ဖြည့်ရတဲ့ပြဿနာ၊ မြန်မာနိုင်ငံသား မှတ်ပုံတင်ကတ်နဲ့ ထိုင်းမှတ်ပုံတင်ကတ်လည်း မရှိတဲ့သူတွေရဲ့ အခက်အခဲနဲ့ ကလေးတွေအတွက် ယာယီပတ်စ်ပို့လုပ်ရေး လုပ်ငန်းစဉ် မရှင်းလင်းကြောင်းတွေ တင်ပြခဲ့ကြပါတယ်။ ဒါတွေအတွက် တိကျတဲ့အဖြေလည်း မရခဲ့ဘူး။”လို့ ခွန်ဟတ်ထိုင်းရတ်က ပြောသွားပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန နိုင်ငံခြားအလုပ်သမားစီမံခန့်ခွဲရေးဌာနက ဒီကိစ္စနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ပထမပတ်က ထုတ်ပြန်ကြေညာထားရာမှာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားတွေရဲ့ အသက် ၁၅ နှစ်အောက် အလုပ်သမား သားသမီးတွေပါ ယာယီနိုင်ငံကူးလက်မှတ် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးနဲ့ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားရေးကို ဖေဖော်ဝါရီ ၁၅ ရက်ကနေ မတ်လ ၁၆ ရက်အထိ လက်ခံဆောင်ရွက်ပေးမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကလေးတဦးအတွက် နိုင်ငံသားစိစစ်ရေးအတွက် ၁၇၅ ဘတ်၊ ဗီဇာကြေး ဘတ် ၁၉၀၀နဲ့ စုစုပေါင်း ၂၀၇၅ ဘတ် ကုန်ကျမယ်လို့လည်း ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ မိမိနဲ့ နီးစပ်ရာ ဌာနတွေမှာ သွားရောက်ဆောင်ရွက်ရမှာဖြစ်ပြီး အလုပ်ရှင်က မိမိအထောက်အထားနဲ့အတူ အလုပ်သမားရဲ့ နေရင်းနိုင်ငံ အထောက်အထားတွေနဲ့ပါ လျှောက်ထားရမှာပါ။

ယာယီပတ်စပို့ရပြီးတဲ့ အလုပ်သမားတွေဟာ အလုပ်သမားမှတ်ပုံတင်ကတ် ဆက်လုပ်ဖို့ လိုအပ်ပြီး အသက် ၁၅ နှစ်အောက် ကလေးတွေတော့ အလုပ်သမားကတ် လျှောက်ထားလို့ မရသေးပါဘူး။

ယာယီနိုင်ငံကူးလက်မှတ် သက်တမ်း ၆ နှစ်နဲ့ အလုပ်လုပ်ခွင့် သက်တမ်း ၂ နှစ်ရမှာဖြစ်ပြီး အသေးစိတ် အချက်အလက်ကို အရေးပေါ်လိုင်း ၁၆၉၄ မှာ ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားပေါင်း ၁ သန်း ၂ သိန်း မှတ်ပုံတင်ပြီးခဲ့ပြီး မှတ်ပုံမတင်ရသေးတဲ့သူက ၁ သန်းလောက် ကျန်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တရားဝင် ပြောကြားထားပါတယ်။

News from: DVB TV News

No comments:

Post a Comment