February 4, 2013

Andorid ဖုန်းသုံးသူများ သတိ ... Superclean နဲ့ DroidCleaner ၂ မျိုး စူပါအန္တရာယ်များ



                                  
အန္တရာယ်များတဲ့ Malware ဗိုင်းရပ်တမျိုးဟာ Android စမတ်ဖုန်းတွေကနေ ကွန်ပြူတာထဲကို ကူးစက်သွားပြီး အချက်အလက်များကို ဖွင့်နိုင်၊ ကူးယူနိုင်ကြောင်း သိရပါတယ်။ အရင်က ကွန်ပြူတာထဲက ဗိုင်းရပ်စ်က မိုဘိုင်းဖုန်းကို ကိုက်သွားတာ ရှိခဲ့ပေမယ့် ယခု Android မဲလ်ဝဲဗိုင်းရပ်စ်က ပြောင်းပြန်အလုပ်လုပ်ပြီး ဖုန်းကနေ ကွန်ပြူတာထဲကို ၀င်ကိုက်တဲ့နည်းလမ်း ဖြစ်ပြီး ပထမဆုံးအကြိမ် တွေ့ရှိတာဖြစ်ကြောင်း Kaspersky Lab က ကွန်ပြူတာပညာရှင် Victor Chebyshev က ဖော်ပြထားပါတယ်။

Android apps ၂ မျိုးဖြစ်တဲ့ Superclean နဲ့ DroidCleaner တို့ဟာ ဖုန်းထဲက memory တွေကို သန့်ရှင်းပေးပြီး ဖုန်းအလုပ်လုပ်တာ ပိုမြန်လာစေတယ်လို့ ဆိုထားပါတယ်။ အမှန်တကယ်တော့ ပြောထားတဲ့အတိုင်း အလုပ်လုပ်တာ မဟုတ်ပါဘူး။ Android ဖုန်းသုံးသူက မိမိရဲ့ကွန်ပြူတာနဲ့ sync လုပ်လိုက်တာနဲ့ (ဥပမာ - သီချင်းတွေ၊ ဓာတ်ပုံတွေ sync လုပ်ရင်) ကွန်ပြူတာထဲကို မဲလ်ဝဲဗိုင်းရပ်စ်က ၀င်ရောက်သွားပါတယ်လို့ Victor Chebyshev က ပြောပါတယ်။

အဲဒီမယ်လ်ဝဲက ... မိမိမသိဘဲ sms မက်ဆေ့ခ်ျတွေပို့၊ WiFi ကိုဖွင့်၊ အချက်အလက်ကိုယူ၊ SD memory ကဒ်ထဲက အချက်အလက်အားလုံးကို ကူးယူ၊ ဖုန်းနံပါတ်အချက်အလက်တွေ အားလုံးကို တခြားစီကိုပို့ ... စတာတွေ ပြုလုပ်နိုင်ပါတယ်။ ၀င်းဒိုး OS ဗားရှင်းအဟောင်းတွေ ထည့်သုံးထားတဲ့ ကွန်ပြူတာတွေကို အဓိကပစ်မှတ်ထားပြီး အခုအခါမှာတော့ google play ဆိုက်မှာ အဲဒီ apps တွေကို မတွေ့ရတော့ပါဘူး။ ဒါပေမဲ့ Android app တွေကို အလွယ်တကူ အခြားသောဝက်ဆိုက်များမှာလည်း ဒေါင်းလုပ်နိုင်တာကြောင့် အခြားနာမည်ပြောင်းပြီး ပြန်တင်ထားနိုင်ကြောင်း ကက်ပါစကီသုတေသနမှ ပညာရှင် Fabio Assolini က ဆိုပါတယ်။ အကယ်၍ မိမိရဲ့ဖုန်းနဲ့ ကွန်ပြူတာမှာ အဲဒီနာမည်နဲ့ apps တွေရှိပါက ဖယ်ရှားပစ်ဖို့လိုပါတယ်။

နောက်နောင်မှာ apps တွေကို သတိထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် Android ဖုန်းတွေကို သန့်ရှင်းရေးလုပ်ပေးနိုင်တယ်၊ ဖုန်းကို ပိုမြန်အောင် လုပ်ပေးနိုင်တယ် ဆိုတဲ့ apps တွေက ဖုန်းအဟောင်းတွေ ဗားရှင်းအဟောင်းတွေ နဲ့ memory နည်းတဲ့ ဖုန်းတွေ ဖြစ်နေခဲ့ရင် ဘယ်လိုမှ အံ့သြလောက်အောင် မြန်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး လို့ Fabio Assolini က ပြောသွားပါတယ်။

(Ref; NBC News, Feb 04, Creepy Android malware jumps from your phone to your PC)

No comments:

Post a Comment