November 15, 2012

ထားဝယ်အတွက် မာတာပွတ် သင်ခန်းစာ

7Day News Journal

ရေးသားသူ- အေးမြကျော်
ထားဝယ်အတွက် မာတာပွတ် သင်ခန်းစာ

ရေးသားသူ- အေးမြကျော်

တစ်ဝီးဝီးလည်နေတဲ့ အားပြင်းပန်ကာနှစ်ခုရဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ကာအသက်ကို တစ်ချက်တစ်ချက် ခပ်ပြင်းပြင်းရှိုက်ရှုလိုက်ရင်း အသက် (၆၃) နှစ်အရွယ် ထိုင်းအမျိုးသမီးကြီးမီဖဆိုင်ဒွန်ဖယူက သူမအတွေ့အကြုံများကို မြန်မာပြည်ကလာသော သတင်းသမားများကို ဝေငှနေသည်။ သူမတို့နေထိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် သူမအပါအ၀င် အနီးအနား၌ နေထိုင်သောဒေသခံထိုင်းလူမျိုး ၁၀ ယောက်ကျော်လည်း စုဝေးရောက်ရှိကာ သူတို့ခံစားနေရသော မာတာပွတ်စက်ရုံများ အကြောင်းကို ပြောပြရန် စိတ်ထက်သန်နေကြသည်။

အဖြူရောင်သမ်းနေသော ဆံပင်တိုတိုနှင့် ရှပ်အကျခပ်နွမ်းနွမ်းဝတ်ဆင်ထားသော သူမကရှေ့တွင်  ထိုင်နေကြသော  ၁၂ ယောက်သော မြန်မာသတင်းသမားများကို “ထားဝယ်မှာ နောင်ဖြစ်လာမယ့် ပြဿနာတွေကို ဖြေရှင်းလို့ရတဲ့ အခွင့်အရေးရှိတယ်။ အဲဒါကတော့ မာတာပွတ်ရဲ့ သင်ခန်းစာကို နမူနာယူဖို့ပဲ” ဟု ဒွန်ဖယူက လက်ကိုမြှောက်ကာပင့်ကာ ပြောသည်။

ထိုင်းအမျိုးသမီးကြီး ဒေါ်ဖယူတို့ နေထိုင်သော နွမ်ဝိုင်းရပ်ကွက် ငါးနေရာမှာ ရယောင်းပြည်နယ်၊ မာတာပွတ်ဒေသတွင်ရှိပြီး ထိုင်းနိုင်ငံ၏ အကြီးဆုံးစက်မှုလုပ်ငန်းစီမံကိန်းကို ကားဖြင့် ၁၀ မိနစ်ခန့်မောင်းလျှင် ရောက်နိုင်သည့်နေရာလည်းဖြစ်သည်။

မာတာပွတ်စက်မှုလုပ်ငန်း စီမံကိန်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ က အစပျိုးခဲ့ပြီး ယခုအခါ မြေဧက ၁၆၀၀ ပေါ်တွင် စက်ရုံပေါင်း ၆၅ ရုံကျော် တည်ဆောက်ပြီးစီး လည်ပတ်နေပြီဖြစ်သည်။ အရှိန်ကောင်းကောင်းလည်ပတ်နေပြီး ထိုစက်ရုံများမှ ထွက်သောမီးခိုးငွေ့များကို မာတာပွတ်ကောင်း 
ကင်တစ်ခွင် အတိုင်းသား မြင်တွေ့နိုင်သည်။

လေထုကို အကြီးအကျယ် ညစ်ညမ်းစေသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဓာတ်အားပေးစက်ရုံ၊ ရေနံဓာတုစက်ရုံ၊ ပလတ်စတစ်စက်ရုံ၊ ကျောက်မီးသွေးစက်ရုံ၊ ရေနံချက်စက်ရုံများက နိုင်ငံဝင်ငွေကို တိုးပွားစေသလို ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခဲ့သလို ကင်ဆာရောဂါဝေဒနာရှင်အသစ်များနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာရှင်အသစ်များကိုလည်း တစ်ပါတည်းဖန်တီးပေးခဲ့သည်။

လွန်ခဲ့သော ၁၀ နှစ်ကာလအတွင်း မာတာပွတ်စက်ရုံများအနီးတွင် နေထိုင်သူများတွင် ကင်ဆာရောဂါများ ဖြစ်ပွားလာပြီး ၁၉၉၇ မှ ၂၀၀၅ ခုနှစ်အထိ ထိုင်းကျန်းမာရေးဌာနက ပြုလုပ်ထားသော စာရင်းများအရ ကင်ဆာဖြစ်ပွားမှုနှုန်းမှာ သုံးဆနီးပါး မြင့်တက်လာပြီး ယခုနောက်ပိုင်းနှစ်များတွင်  ဆက်လက်ပြုလုပ်သော စာရင်းအတိအကျမရှိသော်လည်း ကင်ဆာဖြစ်ပွားမှုနှုန်းမှာ ယင်းဒေသတွင် သိသိသာသာမြင့်တက်လာသည်ဟု ထိုင်းပြည်သူ့ ကျန်းမာရေးဌာနမှ ကျန်းမာရေး လုပ်ငန်းကျွမ်းကျင်သူ မစ္စတာသာမန်နွန်းအပ်ချရီရာမတ်က မြန်မာသတင်းသမားများကို ပြောကြား သည်။

“မြန်မာမှာလည်း ဆင်တူတဲ့ပြဿနာတွေ ကြုံတွေ့လာလိမ့်မယ်” ဟု မစ္စသာမန်နွန်းက ပြောကြားသည်။
မစ္စတာသာမန်နွန်းဆိုလိုသည်မှာ မြန်မာနိုင်ငံတွင်လည်း ထိုင်းနိုင်ငံ ရယောင်းဒေသရှိ မာတာပွတ်စက်မှုဇုန် စီမံကိန်းကဲ့သို့အလားတူစီမံကိန်းတစ်ခု ထားဝယ်ဒေသတွင် အစပျိုးနေခြင်းကို ရည်ရွယ်လိုခြင်းဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ သဘော တူညီထားသည့် စီမံကိန်းကို စတင်ရန် မြေနေရာရှင်းလင်းရေးများ၊ ဒေသခံများအား ရွေ့ပြောင်းခြင်းများ စတင်လုပ်ဆောင်နေပြီး အဓိကရင်းနှီးမြှုပ်နှံ သော အီတာလျံထိုင်းကုမ္ပဏီက ၂၀၁၉ တွင် စီမံကိန်းအပြီး အကောင်အထည်ဖော်မည်ဟု ပြောထားသဖြင့် ၂၀၁၉ အလွန်တွင် စီမံကိန်းမှာ အကောင်အထည်ပေါ်လာပေလိမ့်မည်။

ထားဝယ်ရေနံဆိပ်ကမ်း စီမံကိန်းတည်ဆောက်ရေးကို စောင့်ကြည့်လေ့လာသူများ အဆိုအရ ထားဝယ်စီမံကိန်းမှာ မာတာပွတ်ထက် ၁၀ ဆကြီးမည့် စီမံကိန်းဖြစ်ပြီး စက်ရုံများမှ စွန့်ထုတ်သောမီးခိုးငွေ့များနှင့် သဘာဝပတ်ဝန်းကျင်သို့ သက်ရောက်ပျက်စီးမှုမှာလည်း အဆပေါင်းများစွာ ပိုများ နိုင်သည်ဟု ယင်းတို့က ခန့်မှန်းကြသည်။

ထားဝယ်ရေနက်စီမံကိန်းကိုတည်ဆောက်ရန် စတင်သဘောတူစဉ်ကာလက ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သော မစ္စတာအဘီဆစ်က ထိုင်းသတင်းဌာနများကို “ထိုင်းနိုင်ငံအတွင်း တည်ဆောက်ရန် မသင့်တော်သောစက်မှုဇုန်များကို ထားဝယ်ဒေသသို့ ပြောင်းရွှေ့တည်ဆောက်
သွားရန် ဆုံးဖြတ်လိုက်သည်” ဟု ပြောကြားခဲ့ဖူးသည်။

ရယောင်းဒေသတွင် မွေးကတည်းကနေထိုင်ပြီး အသက် ၆၅ နှစ်ရှိပြီဖြစ်သော နွမ်ဝိုင်းရပ်ကွက် ၅ အုပ်ချုပ်ရေးမှူး ဟူဒုန်ဆလီဖက “အခုကျွန်တော်ကိုယ်တိုင်လည်း ကင်ဆာရောဂါခံစားနေရတယ်။ ဆေးတွေကို ဈေးကြီးပေးဝယ် သောက်နေရတယ်” ဟု သူ၏ ကိုယ်တိုင်တွေ့ကြုံခံစားနေမှုများကို ဝေငှသည်။

သူ၏ အိမ်တွင်းဧည့်သည့်များရှေ့တွင် ချထားသော အားပြင်းလှသည့် ပန်ကာများကို ပိတ်ပစ်၍ မဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် ပန်ကာလေများက ချဉ်စူးစူးအနံ့အသက်များနှင့် တစ်ချက်တစ်ချက် လေအဝှေ့တွင် အက်ဆစ်နံ့လိုလို စူးရှရှအနံ့များမရအောင်ကာကွယ်ပေးနိုင်၍ ဖြစ်သည်ဟု သူက ဧည့်သည်များကိုရှင်းပြသည်။

ရယောင်းဒေသမှာ စက်မှုလုပ်ငန်းကြီးများ ရောက်မလာမီက ဥယျာဉ်ခြံစိုက်ပျိုးခြင်း၊ ငါးဖမ်းလုပ်ငန်းများဖြင့် အသက်မွေးကြသော ဒေသတစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ် ၃၀ ခန့်က နိုင်ငံ၏ အကြီးမားဆုံးသော စက်မှုလုပ်ငန်း စီမံကိန်းကြောင့် ဥယျာဉ်ခြံမြေများစွာကွယ်ပျောက်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။ ဒူးရင်း၊ ပင်မှည့်၊ သရက် စသည့်အပင်များ စိုက်ပျိုးကာ ၀င်ငွေရှာဖွေခဲ့သော ထိုဒေသတွင် နှစ် ၃၀ ကြာလာသော ယနေ့အချိန် အခါတွင်တော့ အပင်များမှာ ပိုးကျခြင်း၊ အသီးများအချိန်မတိုင်မီ ကြွေကျခြင်းများ ဖြစ်လာပြီး မဖြစ်ထွန်းတော့ဘဲ ထိုသို့ဖြစ်ရခြင်းမှာ မာတာပွတ်စက်ရုံများမှ ထွက်သော ဓာတုအဆိပ်များကြောင့်ဖြစ်ကြောင်း ဒေသခံများက ထစ်ချယုံကြည်ကြသည်။

“မိုးရေတွေဟာလည်း အရင်လိုမသန့်တော့ဘူး။ မိုးရေတွေထဲမှာမည်းမည်းအဖတ်တွေအမြဲပါတယ်။ မိုးရေထိတဲ့ သူတွေလည်း အရေပြားယားယံတာတွေ အမြဲဖြစ်တယ်” ဟုရယောင်းဒေသတွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။ ရယောင်းဒေသတွင် စက်ရုံ များတည်ဆောက်ပြီးနောက်မှ ကိုယ်ခန္ဓာချို့ယွင်းသူများနှင့် မသန်စွမ်းသူများအတွက် နှစ်ဧကကျော်ခန့် ကျယ်ဝန်းမည့် မြေပေါ်တွင် ကျောင်းဆောက်လုပ်ကာ ဖွင့်လှစ်ပေးခဲ့သည်။ ၁၀ နှစ်တာကာ လအတွင်း နာမကျန်းဖြစ်သူဦးရေမှာ အဆမတန်မြင့်တက်လာသည့်အတွက် ရယောင်းမှ ဆေးရုံများကို တိုးချဲ့ဆောက်လုပ်လိုက်ရပြီး ဆေးရုံများတွင် ဆေးဝါးမလုံလောက်မှု၊ ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုများ ကြုံတွေ့နေရကြောင်း ရယောင်းဒေသ ပြည်သူ့ ကျန်းမာရေးဌာနမှ ကျွမ်းကျင်ဝန်ထမ်းတစ်ဦးက ပြောသည်။

“တစ်ဖက်က စီးပွားရေးတိုးတက်ဖို့ လုပ်သလို တစ်ဖက်မှာလည်း အခြားကျန်းမာရေးနဲ့ အရေးကြီးတဲ့ ကိစ္စတွေရှိသေးတယ်။ ဒါကို အချိုးညီညီလုပ်နိုင်ဖို့ အရေးကြီးတယ်။ မြန်မာအစိုးရအနေနဲ့ ထားဝယ်စီမံကိန်းကို မာတာပွတ်က သင်ခန်းစာကို နမူနာယူပြီး ဆက် လုပ်သင့်တယ်လို့ထင်တယ်” ဟု ယင်းကပင် အကြံပြုပြောကြားသည်။

ထားဝယ်ဒေသတွင် ထိုင်းမှ အဓိက ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဖြစ်သော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုစီမံကိန်း ကနဦးစတင်ပြီး မကြာမီမှာပင် အစိုးရက မဂ္ဂါဝပ် ၄၀၀၀ ကျောက်မီးသွေး လျှပ်စစ်စက်ရုံကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ဧကငါးသောင်းကျော် မြေနေရာပေါ်တွင် အကြီးစားစက်ရုံ အလုပ်ရုံများကို ဆက်လက်တည်ဆောက်သွားမည်ဟု သတင်းထုတ်ပြန်သည်။ အမေရိကန် ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုနှင့် ၁၀ နှစ်တာအတွင်းအပြီး အကောင်အထည်ဖော်သွားမည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသဖြင့် နောင် ၁၀ နှစ်ကျော် ကြာလျှင် ထားဝယ်ကောင်းကင်ပြင်တွင် မာတာပွတ်တွင်ကဲ့သို့ မီးခိုးငွေ့များ ပြန့်ကြဲနေပေလိမ့်မည်။ 

တစ်ချိန်က ခရီးသွားဆွဲဆောင်မှု တစ်နေရာဖြစ်ခဲ့သော မာတာပွတ်ကမ်းခြေ ပြာလဲ့လဲ့မှ အမည်းဖတ်၊ အမှိုက်များနှင့် နောက်ကျိနေသော ငံပြာရည်ရောင် ပြောင်းသွားသကဲ့သို့ ထားဝယ်မောင်းမကန်ကမ်းခြေအရောင်ပြောင်းသွားမည်လားဆိုသည်ကတော့ မေးခွန်းတစ်ခုဖြစ်နေသည်။
မာတာပွတ် ဒေသခံများက နောက်ကျမှသိခဲ့ရသော စက်ရုံအလုပ်ရုံများမှ ဓာတုအဆိပ်များကြောင့် ယင်းတို့၏ ကျန်းမာရေးနှင့်လူမှုဘ၀အထွေထွေကို ဆိုးရွားစွာ သက်ရောက်ခဲ့ရခြင်းကို နည်းမျိုးစုံဖြင့် အားအင်ရှိသမျှ တားဆီးခဲ့သော်လည်း နောက်ဆုံးတွင် အားမတန်မာန်လျှော့ခံရကြောင်း ဒေသခံများက မြန်မာသတင်းသမားများကို ပြောသည်။

“မလုပ်ခင်ကတည်းက ဘာမှမလုပ်စေတာကောင်းတယ်။ အကောင်းဆုံးကတော့ တိုင်တစ်တိုင်တောင် လာအစိုက်မခံနဲ့” ဟု  ခံပြင်း ဒေါသထွက်နေဟန်ရှိသော ဒွန်ဖယူက မြန်မာသတင်းသမားများမှ တစ်ဆင့် ထားဝယ်ဒေသခံများကို စကားပါးလိုက်ပါသည်။
တစ်ဝီးဝီးလည်နေတဲ့ အားပြင်းပန်ကာနှစ်ခုရဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ကာအသက်ကို တစ်ချက်တစ်ချက် ခပ်ပြင်းပြင်းရှိုက်ရှုလိုက်ရင်း အသက် (၆၃) နှစ်အရွယ် ထိုင်းအမျိုးသမီးကြီးမီဖဆိုင်ဒွန်ဖယူက သူမအတွေ့အကြုံများကို မြန်မာပြည်ကလာသော သတင်းသမားများကို ဝေငှနေသည်။ သူမတို့နေထိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် သူမအပါအ၀င် အနီးအနား၌ နေထိုင်သောဒေသခံထိုင်းလူမျိုး ၁၀ေ...
ယာက်ကျော်လည်း စုဝေးရောက်ရှိကာ သူတို့ခံစားနေရသော မာတာပွတ်စက်ရုံများ အကြောင်းကို ပြောပြရန် စိတ်ထက်သန်နေကြသည်။

No comments:

Post a Comment